၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကိုကိုးကျွန်းမြို့နယ်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူရှစ်ဦးစလုံး အောင်မြင်ခဲ့ကာ တပ်မတော် မိသားစုဝင် သားသမီးများနှင့် တပ်မတော်(လေ)မှ တပ်သားတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းကြိုးပမ်း အားထုတ်မှုမှ အနာဂတ်ပန်းခင်းလမ်းကို ပုံဖော်စွမ်းဆောင်နိုင်ခဲ့ကြသော ကိုကိုးကျွန်းမှ ပညာ့အလင်း ဆောင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ၏ ဝမ်းသာပီတိ စကားသံများကို စုစည်းဖော်ပြ အပ်ပါသည်။
တပ်သားဘုန်းထက်ပိုင်
တပ်မတော် (လေ)
ကျွန်တော်က တက္ကသိုလ်ဝင်တန်းကို ပထမအကြိမ်အနေနဲ့ ဖြေဆိုအောင်မြင်ခဲ့တာပါ။ လက်ရှိထမ်းဆောင်နေတဲ့ တာဝန်ထက် ပိုပြီးမြင့်မားတဲ့ တာဝန်ကို ထမ်းဆောင်လိုတာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကြိုးစားပြီး ဖြေဆိုခဲ့ပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် ကူညီပေး ခဲ့တဲ့ တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ဖြေဆိုခွင့်ပေးခဲ့တဲ့အပြင်စာကို ဖိဖိစီးစီး လုပ်ဆောင်ဖို့ ပံ့ပိုးပေးခဲ့ တဲ့အတွက် အောင်မြင်မှုရရှိခဲ့တာပါ။ ကျွန်တော့် ဘဝအနာဂတ်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အောင်မြင်မှု ဆုလာဘ်တစ်ခုပါ။ ဒါကြောင့် တပ်မတော်(လေ)က တာဝန်ရှိသူတွေ အားလုံး၊ ဆရာ ဆရာမတွေ အားလုံးကို ကျေးဇူးတင် ဦးခိုက်ကန်တော့ပါတယ်။
စာမေးပွဲမှာ ကျန်ခဲ့တဲ့ရဲဘော် ရဲဘက်တွေအနေနဲ့ စိတ်ဓာတ် မကျဘဲ ဆက်လက်ပြီး ကြိုးစားကြပါ။ တပ်မတော်က ပညာရေးကို အားပေးနေတာဖြစ်တဲ့အတွက် အောင်မြင်အောင် ကြိုးစားဖြေဆိုပြီး တပ်မတော်နဲ့ကိုယ့်ဘဝအနာဂတ် တိုးတက်အောင် စွမ်းဆောင်ကြပါ။ ကျွန်တော် အဝေးသင် တက္ကသိုလ် တက်ရောက်မှာပါ။ ဘွဲ့ရပြီးရင် တပ်မတော်အရာရှိတစ်ဦး ဖြစ်ချင်ပါတယ်။
မသုန်ဝတီဦး (တပ်မတော်(ရေ) မိသားစုဝင်)
အရင်နှစ်က ကျရှုံးခဲ့တာကြောင့် အခုနှစ်မှာ အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးမှုကို စာသင်နှစ်စကတည်းက စူးစိုက်သင်ယူခဲ့ပါတယ်။ တစ်နေ့စာ တစ်နေ့ လေ့လာကျက်မှတ်ခဲ့ပါတယ်။ ဆရာ ဆရာမတွေ၊ မိဘနှစ်ပါးနဲ့ တပ်မတော်(ရေ)နဲ့ (လေ)က တာဝန်ရှိသူတွေ အားလုံးကို အထူးကျေးဇူးတင် ပါတယ်။ ကျွန်မဘွဲ့ရပြီး အသက်မီရင် စစ်သူနာပြု တက္ကသိုလ်ကို တက်ချင်ပါတယ်။
မောင်သူရအောင်
(တပ်မတော်(ရေ) မိသားစုဝင်)
ကျောင်းစတက်ကတည်းက ကျောင်းစာကို ပုံမှန်လေ့လာ ကျက်မှတ်ပါတယ်။ ညပိုင်းမှာ ကျက်မှတ်ထားတဲ့ စာတွေကို မနက် ၅ နာရီမှာ ပြန်ပြီးလေ့လာခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်အောင် ပံ့ပိုးပေးခဲ့ကြတဲ့ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမတွေနဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တက္ကသိုလ်တက်ရောက်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်။
မောင်မြတ်ဇော်လင်း (တက္ကသိုလ်ဝင်တန်း အောင်မြင်သူ)
အခုလို အောင်မြင်မှုရရှိအောင် စာသစ်နှစ် အစပိုင်းကတည်းက ဆရာ ဆရာမတွေရဲ့ သင်ကြားမှုကို သေချာလေ့လာ သင်ယူခဲ့ပါတယ်။ အခုလိုကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလဒ်ရခဲ့တဲ့အပေါ် အားရကျေနပ်ပါတယ်။ ဆရာ ဆရာမတွေ၊ မိဘနှစ်ပါးနဲ့ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေအားလုံး တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေကို ဂရုစိုက်ပေး ခဲ့တဲ့အပေါ် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်ဘွဲ့ရပြီးရင် နိုင်ငံ့ဝန်ထမ်း တစ်ဦးဖြစ်ဖို့ ရည်မှန်းထားပါတယ်။
မောင်ဝင်းစည်သူငြိမ်း
(တပ်မတော်(ရေ) မိသားစုဝင်)
ကျွန်တော်က ဒုတိယအကြိမ် ဖြေဆိုအောင်မြင်တာပါ။ အောင်မြင်မှု ရရှိအောင် ကျွန်တော် ကြိုးစားခဲ့တယ်။ ဆရာ ဆရာမတွေက ကျွန်တော်တို့အပေါ် ထား တဲ့ စေတနာမေတ္တာကို အောင်မြင်မှုနဲ့ ကျေးဇူးပြန်ဆပ်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါ တယ်။ မိဘနှစ်ပါး၊ ဆရာ ဆရာမတွေ၊ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုနှစ် ဖြေဆိုကြမယ့်သူတွေကို အကြံပြု ချင်တာက တက္ကသိုလ်ဝင်တန်းဟာ ကျွန်တော်တို့ လူငယ်တွေဘဝ အနာဂတ်အတွက် ခံတပ်ကြီး တစ်ခုဖြစ်တဲ့အတွက် အားမလျှော့ဘဲ အောင်မြင်အောင် အစွမ်းကုန်ကြိုးစား ကြစေချင်ပါတယ်။ ကျွန်တော်ကတော့ တက္ကသိုလ် ဆက်တက်ပြီး ဘွဲ့ရပြီးတာနဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ။
မစုစန္ဒာလှိုင်(တက္ကသိုလ်ဝင်တန်း အောင်မြင်သူ)
အခုလို အောင်မြင်အောင် အဘက်ဘက်က ကြိုးပမ်းပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေ၊ မိဘနှစ်ပါးနဲ့ ဌာနဆိုင်ရာ လူကြီးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဒေသက မြို့ပြမဟုတ်တဲ့ အတွက် လိုအပ်တာကို ချက်ချင်းမရနိုင်ပါဘူး။ ဒါပေမယ့် အကောင်းဆုံး ဖြည့်ဆည်းပေးမှုတွေနဲ့ အောင်မြင်မှုရအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါတယ်။ ဒါကြောင့် ဝိုင်းဝန်းကူညီပေးခဲ့သူ အားလုံးကို ဂါရဝပြုဦးခိုက်ပါတယ်။ ကျွန်မအနေနဲ့ တက္ကသိုလ်ဆက်လက် တက်ရောက်သွားမှာပါ။ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်။
ဒေါ်ခင်အေးနိုင်
(ကိုကိုးကျွန်းမြို့နယ် ပညာရေးမှူး)
ကျွန်မတို့ ကျောင်းမှာ မနှစ်က ၁၉ ဦး ဖြေဆိုရာမှာ ၁၂ ဦး အောင်မြင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ရာနှုန်းပြည့် အောင်မြင်ခဲ့တာပါ။ အခုလို ရာနှုန်းပြည့် အောင်မြင်မှုရရှိအောင် ကလေးတွေကို ညနေပိုင်းနဲ့ ညပိုင်းအချိန်ပို သင်ကြားပေးတယ်။ ကျောင်းအုပ် ဆရာကြီး ဦးရန်အောင်နဲ့ ဆရာ ဆရာမ ၁၁ ဦးရဲ့ အနီးကပ် သင်ကြားမှုနဲ့အတူ တပ်မတော် (ရေ)နဲ့ (လေ)က တာဝန်ရှိသူတွေနဲ့ မြို့နယ်တာဝန်ရှိသူတွေက ကလေးတွေအတွက် အစားအသောက်ကအစ ဖြည့်ဆည်း ဆောင်ရွက်ပေး တာ၊ အမြဲမပြတ် ကြည့်ရှုစောင့်ရှောက်မှု ပေးတာက ကျောင်းသားတွေအတွက် စိတ်ခွန်အား ရရှိစေခဲ့ပါတယ်။ တန်းလုံး ကျွတ်အောင်မြင်ခဲ့မှုအပေါ် ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ အထူးကျေးဇူးတင်ရှိပါတယ်။ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့်သူ ၂၁ ဦး ရှိလာတဲ့အတွက် ပိုပြီးကြိုးစားသွားမှာပါ။
ဒုတိယဗိုလ်မှူးကြီး ဖြိုးဇင်ဦး
(တပ်မတော် (လေ) )
ကျွန်တော့် တပ်သားလေးက စာမေးပွဲဖြေဆိုလိုကြောင်း သတင်းပို့တဲ့အတွက် မြို့နယ်ပညာရေးမှူး ထံအပ်ပြီး သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ တပ်သား လေးက တက္ကသိုလ်ဝင်တန်း အောင်မြင်သွားတဲ့အတွက် ပစ္စည်းထိန်းလုပ်ငန်းကနေ စက်မှုပိုင်းဆိုင်ရာကို တိုးမြှင့်ရောက်ရှိပြီး သူ့ရဲ့ဝါသနာ လေယာဉ်ထိန်းသိမ်း ပြင်ဆင်မှုအပိုင်းကို တက်လှမ်းသွားမှာပါ။ ရဲဘော်တွေ ဘဝတိုးတက် မြင့်မားရေးအတွက် အားပေးမြှင့်တင်ရမှာ ကျွန်တော်တို့ တာဝန်ပါ။ စာကိုပဲ ဖိဖိစီးစီး လုပ်ဆောင်စေခဲ့ပါတယ်။ တပ်သားအနေနဲ့ အဝေးသင်တက်ပြီး ဘွဲ့ရတဲ့အခါ အရာရှိဖြစ်နိုင်တာမို့ အဲဒီအတွက် လိုအပ်တာဖြည့်ဆည်း ပေးနိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အောင်မြင်မှုဟာ ယုံကြည်ချက်နဲ့ ခံယူချက်ကို မြင့်မားစေတာကြောင့် ဒီအတိုင်းရပ်မနေဘဲ ဆက်ပြီးကြိုးစားစေ ချင်ပါတယ်။ သူတို့တွေရဲ့အောင်မြင်မှုဟာ တပ်မတော်အတွက် စွမ်းအား တစ်ရပ်ကို ရရှိစေပါတယ်။
သန်းထိုက်(သတင်းစဉ်)
ဓာတ်ပုံ- စည်သူ
