ဖေဖော်ဝါရီ ၃
ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ကျင်းပလျက်ရှိ သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) ပွဲတော်ကြီး ဒုတိယမြောက်နေ့တွင် ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ပွဲတော်ကာလအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ဝ၊ ကိုးကန့်၊ တအာင်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြခန်းများကို တစ်နေရာတည်းတွင် တစုတစည်း တည်း ပြသထားသည်ကို တွေ့မြင်ရ မည်ဖြစ်သည်။
ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း
ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းသို့ သွားရောက်လေ့လာ ကြည့်ရှုမည်ဆိုပါက ပြခန်း အရှေ့တွင် ချင်းပြည်နယ်၏ အထင်ကရ နာမည်ကျော်အသည်းပုံ ရိဒ်ရေကန် ပုံစံငယ်ကို လှပစွာ ပြုလုပ်ထားသည်ကို မြင်တွေ့ရမည်။
ချင်းရိုးရာ အိမ်ကလေး
ပြခန်းအတွင်း ဝင်လိုက်သည်နှင့် မင်္ဂလာနွားနောက်နှင့်အတူ ရှေးခေတ် ချင်းရိုးရာတူရိယာ ပစ္စည်းများနှင့် ချင်းအမျိုးသမီးငယ်များ လွယ်လေ့ရှိသော ဝါးဖြင့်ရက်လုပ်ထားသည့် တောင်း များကို အိမ်ရှေ့နံရံတွင် အစီအရီ ချိတ်ဆွဲထားသည့် ရိုးရာအိမ်ကလေးကလည်း ချင်းလူမျိုးတို့၏ ရိုးရာနေထိုင်မှုပုံစံကို ချစ်စဖွယ် မြင်ခွင့်ရ မည်ဖြစ်သည်။
“ရိုးရာအိမ်မှာဆို ရှေးခေတ်တူရိယာ ဖြစ်တဲ့ မောင်းတို့ ၊ ဗုံတို့ ၊ အမျိုးသမီး တွေလွယ်တဲ့ တောင်းလေးတွေ၊ နွားနောက်ကတော့ အိမ်ထောင်ပြုတဲ့ အချိန် အမျိုးသမီးကို တင်တောင်းတဲ့ အချိန်မှာ မရှိမဖြစ်တင်ရတဲ့ မင်္ဂလာ ပစ္စည်းပါ” ဟု ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းမှ ဒေါ်လင်းငြိမ်းက ပြောသည်။
ချင်းတိုင်းရင်းသား ရိုးရာပြခန်း အတွင်း ချင်းရိုးရာ ပါးမဲထိုး သရုပ်ပြသည့် ပြခန်းများ၊ ချင်းရိုးရာ ချည်ထည် ဆိုင်ခန်းများ၊ ချင်းပြည်နယ်ဒေသ ထွက်ကုန်များဖြစ်သည့် ကော်ဖီ၊ ထောပတ်သီး၊ လက်ဖက်ခြောက်၊ နွားနောက်သားခြောက်နှင့် တောင် ဇလပ်ကိုပြုလုပ်ထားသည့် ရိုးရာ ခေါင်ရည်ဆိုင်များ၊ ချင်းမျိုးနွယ်စုဝင် အရှိုချင်းရိုးရာ အမှတ်တရပစ္စည်း ရောင်းချသည့် အရောင်း ပြခန်းများ၊ ချင်းရိုးရာအစားအစာ ဆာဘူးသီး ရောင်းချသည့် ဆိုင်များကိုပါ ဖွင့်လှစ်ထားသည်။
ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်း ပြခန်းတွင် ရှေးခေတ်ချင်းလူမျိုးတို့ သမိုင်းကြောင်းနှင့် အထင်ကရ ပုဂ္ဂိုလ်များကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသထားသည်မှာလည်း ဗဟုသုတ ရစေသည့်အပြင် ချင်းရိုးရာ ပြခန်းပတ်လည်တွင် ချင်းပြည်နယ်၏ အထင်ကရ နေရာများကို ဗီနိုင်းများဖြင့် ပြသပေးထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းမှ ဒေါ်လင်းငြိမ်းက '' ချင်းမျိုးနွယ်စုတွေမှာ မတူညီတဲ့ မျိုးနွယ်စုတွေ ရှိတယ်။ ပါးမဲထိုးတာကလည်း မတူညီတာတွေရှိတယ်။ မတူညီတဲ့ ပုံစံတွေကို ဒီမှာနမူနာ ထိုးပေးပါတယ်။ ချင်းလူမျိုးတွေရဲ့ အထင်ကရ လူပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေကို ဒီပြခန်းမှာ ပြသထားတယ်။ မသိသေးတဲ့သူတွေ သိအောင်ပြသတာ ဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟု ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှု ပြခန်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တိုင်းရင်းသားများကလည်း ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြ သည့်အနေဖြင့် ပြခန်းများပါဝင်ပြသလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံလွန်း လှသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ သွေးချင်းတိုင်းရင်းသားများကလည်း ယခုနှစ်တွင် ပထမအကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။
“နာဂဒေသ လေရှီးမြို့နယ်က လာတာပါ။ ပထမဆုံးအနေနဲ့ ဒီသွေးချင်းတို့ရဲ့ပွဲတော်ကို လာပြတာပါ။ အရင်နှစ်က ပြချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ခဲ့တာပါ။ ၂၀၂၀ မှာ သွေးချင်းညီအစ်ကိုတွေနဲ့ ပူးပေါင်းပါဝင်ခွင့်ရလို့ ဝမ်းသာမိပါတယ် '' ဟု နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ယဉ်ကျေးမှုပြခန်းမှ ဦးချိန်းရေက ပြောသည်။
ပြခန်းတွင် နာဂတိုင်းရင်းသားများ၏ ဒေသထွက်ကုန်လက်မှုပစ္စည်းများ၊ ကိုယ်တိုင် ရက်လုပ် ထားသည့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အဝတ်အထည်များ၊ လွယ်အိတ်များ၊ ဝတ်စကုပ်အင်္ကျီများ၊ မာဖလာများ၊ နတ်ကတိုင်၊ ပဝါ အစရှိသည်တို့ကို ခင်းကျင်းပြသထား သည်။
နာဂသူရဲကောင်းတို့သာ ဆောင်းရသည့် ဦးထုပ်
ပြခန်းအတွင်း တစ်ဖက်တစ်ချက်စီရှိ တိုင်များတွင် စစ်တိုက်သည့်အခါ နာဂသူရဲကောင်း အဆင်တန်ဆာ ဖြစ်သည့် အောင်လံငှက်အမွေး ၁၂ ချောင်းတပ်ထားသည့် မျက်နှာဖုံးတွင် ကြေးပြားဖုံးအုပ်ထားသော အနီရောင် လည်ပင်းစွပ်ပုံစံရှိသည့် နာဂသူရဲကောင်းတို့သာ ဆောင်းရသည့်ဦးထုပ်ကို ပြသထားရာ စိတ်ဝင်တစား ကြည့်ရှုလေ့လာသူများ၊ ဦးထုပ်ကိုဆောင်း ကာ အမှတ်တရဓာတ်ပုံ ရိုက်ကူးသူများ အထူးများပြားလှသည်။
“ရိုးရာမှာဆိုရင် ကျွန်တော်တို့ တကယ့်ကို တန်ဖိုးထားပြီး အသုံးပြုတဲ့အရာပေါ့။ သူရဲကောင်း တွေ ဆောင်းတဲ့ ဦးထုပ်လေးဖြစ်ပါတယ်။ အောင်လံငှက်မွေး ၁၂ ချောင်းထောင်ထားတယ်။ မျက်နှာဖုံးနေရာမှာ ကြေးနဲ့လုပ်ထားတယ်။ အရင်တုန်းက စစ်တိုက်တဲ့အခါမှာ အဓိကသုံးတာ ပါ”ဟု ဦးချိန်းရေက ပြောသည်။
ပြခန်းအခြားတစ်ဖက်ရှိ တိုင်တွင်လည်း နာဂဘိုးဘွားများ စစ်တိုက်ရာတွင် တန်ဆာဆင်လေ့ရှိ သည့် တောဝက်အစွယ်၊ အောင်လံငှက် အမွေး၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော ခေါင်းဆောင်းနှင့် လှံနှစ်ချောင်းကို တိုင်တွင် ကြက်ခြေခတ်သဏ္ဌာန် ပြုလုပ်ထားသည့် မြင်ကွင်းမှာ မြင်နေ ကျထက် တစ်မျိုးထူးခြားလှသည့် အတွက် လာရောက်လည်ပတ်သူတို့ အထူးစိတ်ဝင်တစား ရှိမည့် မြင်ကွင်း ပင်ဖြစ်သည်။
နာဂဒေသ၏ အထင်ကရဖြစ်သော ဆီးနှင်းများဖုံးလွှမ်းနေသည့် စာရာမေတိတောင်နှင့်အတူ သာမန်လူများ ခြုံခွင့်မရသည့် သူရဲကောင်းစစ်စစ်များသာ ခြုံရသည့်စောင်ကို နောက်ခံထားကာ ပြုလုပ်ထားသည့် နာဂ တိုင်းရင်းသားတို့ နေထိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြေပုံမှာလည်း ပြခန်း၏ စိတ်ဝင်စားဖွယ်၊ ဗဟုသုတ ဖြစ်ဖွယ် ပြကွက်တစ်ခုအဖြစ် ရှိနေပြန်သည်။
ထိုပြခန်းအတွင်းပြသထားသည့် နောက်ခံဗီနိုင်းများတွင် နာဂဒေသ၏ အထင်ကရ မနောင် ယန်းအင်း၊ နာဂ ဘိုးဘွားများနေထိုင်ခဲ့ရာ ဆုတောင်း တိုင်များပါ အိမ်ငယ်၊ အောက်ချင်းငှက်၊ တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်ရာ လှေကားထစ်စိုက်ခင်းများ၊ လယ်များ၊ စိုက်ပျိုးသီးနှံများကို သရုပ်ဖော်ပြသထားသည်။
“အရင်တုန်းက ဘိုးဘွားတွေနေခဲ့တဲ့ အဆောက်အအုံ၊ အိမ်ကလေးတွေမှာ ဆုတောင်းတိုင် လေးတွေ စိုက်ထူထားပါတယ်။ တစ်ခုခုဆိုရင် ဆုတောင်းလေ့ရှိတယ်။ ကြွေးကြော် လေ့ရှိတယ်” ဟု ဦးချိန်းရေက ပြောသည်။
ထို့ပြင် ပြခန်းအတွင်း ခင်းကျင်းထားသည့် စင်များပေါ်တွင် ရှေးက အသုံးပြုခဲ့သည့် ဝါးဖြင့် ပြူလုပ်ထားသည့် ခွက်များ၊ သူရဲကောင်း ဦးထုပ်၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများ အသုံးပြု သည့် အသုံးအဆောင်များ၊ လည်ဆွဲများ၊ လက်မောင်းပတ်များ၊ နားကပ်များ၊ အရိုးခေါင်းဆွဲကြိုး များနှင့် ရှေးခေတ် နာဂလူမျိုးတို့ အသုံးပြုခဲ့ သည့် သံဖြင့်ပြုလုပ်ထားသော ဓား၊ လှံ၊ လက်နက် များ၊ နာဂရိုးရာ အမှတ် တရပစ္စည်းများကို ခင်းကျင်းပြသ ထားသည်။
“ပြခန်းထဲမှာ ပြသထားတဲ့ ပစ္စည်း လေးတွေနဲ့ စိတ်ဝင်စားမှုရှိအောင်၊ လေ့လာခွင့်ရအောင် တတ်နိုင်သလောက် ပြင်ဆင်ထားပါတယ်။ ပွဲတော်ရက် တစ်ရက်ကနေ ခုနစ်ရက်အတွင်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်” ဟု နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ယဉ်ကျေးမှုပြခန်းမှ ဦးချိန်းရေက ပြောသည်။
ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း
မုခ်ဦးအဝင်ဝ တစ်ဖက်တစ်ချက်စီတွင် ကျက်သရေရှိလှသော ဒေါင်းပုံ များဖြင့် တန်ဆာဆင် ထားသည့် ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်း အပြင်အဆင်က ထူးခြားလှပစွာ ဆွဲဆောင်မှုရှိနေသည်။
မြန်မာ့အနုပညာလက်ရာ ပစ္စည်းများကို ခမ်းနားထည်ဝါစွာ မြင်တွေ့ခွင့်ရ
ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေး မှုပြခန်း၏အလယ်တွင် ကြေးဖြင့်ပြုလုပ်ထားသည့် ကြီးမား လှသည့် အိုး၊ သစ်သားပန်းပုရုပ်တုများ၊ စောင်း စသည့် ပန်းဆယ်မျိုးတွင် ပါဝင်သည့် မြန်မာ့အနုပညာလက်ရာ ပစ္စည်းများကို ခမ်းနားထည်ဝါစွာ မြင်တွေ့ခွင့်ရ မည်ဖြစ်သည်။
“ကြေးအိုးကြီးက ပန်းဆယ်မျိုးထဲ မှာပါဝင်တဲ့ အနုပညာလက်ရာပစ္စည်းကို ပြသထားတာဖြစ်ပါ တယ်။ စောင်းကတော့ မြန်မာတို့ရဲ့ အနုသုခုမ အနုပညာပစ္စည်းကို ဖော်ဆောင်ထားတဲ့ အနုပညာပစ္စည်းဖြစ်တဲ့အတွက် စောင်းကိုလည်း ပြသထားတာဖြစ် ပါတယ်” ဟု ဗမာတိုင်းရင်း သား လုပ်ငန်းရှင်အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဆန်းက ပြောသည်။
ထို့ပြင် ပြခန်းအတွင်း ဗမာတိုင်းရင်းသားများထုတ်သည့် မြန်မာမှုလက်ရာများနှင့်အတူ မြန်မာ့ရိုး ရာ ပန်းဆယ်မျိုးဖြစ်သည့် ပန်းပု၊ ပန်းချီ၊ ပန်းရန်၊ ပန်းတဉ်း၊ ပန်းယွန်း၊ ပန်းပဲ၊ ပန်းထိမ်၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့ ဟူသည်တို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုလေ့လာခွင့်ရမည်ဖြစ်သည်။
'' မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဆိုတာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင် ဆောင်ရွက်လာတာဖြစ် တယ်။ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးကဏ္ဍက ပျောက်လုဆဲဆဲတောင်ဖြစ်နေတယ်။ ဒီအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းချင်တဲ့ အတွက် ကျွန်တော်တို့က မြန်မာ့ရိုးရာပန်းဆယ်မျိုးကို မတိမ်ကော မပျောက်ပျက်အောင် ဖော်ထုတ်ပြသတာ ဖြစ်ပါတယ်” ဟု ဗမာတိုင်းရင်းသား လုပ်ငန်းရှင် အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဆန်းက ပြောသည်။
ဆွဲဆောင်မှုရှိစေမည့် မောင်းမကန်ကမ်းခြေပုံစံငယ်
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ နာမည်ကျော် မောင်းမကန်ကမ်းခြေ၏ သဘာဝ တရားများကို ဖော်ထုတ်ပြသထားသည့် ပုံစံငယ်လေးတွင် ငါးလှန်းစင်၊ လှေငယ်နှင့် ကမ်းခြေတစ်လျှောက် ပြန့်ကျဲနေသည့် ခရုခွံလေးများ၊ ကမ်းခြေတွင် နားခိုနိုင် သည့် ထီးပုံစံတဲလေးများကို ပြခန်းအတွင်း ပြုလုပ်ထားရာ လာရောက် ကြည့်ရှုသူများကို ဆွဲဆောင်မှု ရှိစေမည်မှာ အသေအချာပင်ဖြစ်သည်။
ပြခန်းအတွင်း မြန်မာတိုင်းရင်း ဆေးဝါးများ၊ ကျန်းမာရေးသုံး ဆားခေါင်းအုံးများ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လာရောက်ပြသသည့် ကြေးသွန်းလက်ရာ ပစ္စည်းများ၊ ပခုက္ကူမှ လာရောက်ပြ သသည့် ကျန်းမာရေး ညီညွတ်သည့် ဖျော်ရည်များ၊ တွံတေးမှ လာရောက်ပြသ သည့် ဝါးထုတ်လုပ်မှု အနုပညာလက်ရာများ၊ ရန်ကုန် တိုင်းဒေသကြီးမှ အုန်းဖြင့် ပြုလုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ကျောက်စီပန်းချီကား၊ ပယင်းနှင့် ကျောက်မျက်လက်ဝတ် ရတနာများ၊ ရိုးရာချည်ထည်များ၊ ဖိနပ်၊ အဝတ်အထည်နှင့် ငါးခြောက်ငါးခြမ်း ရောင်းချသည့် ပြခန်း၊ ဆိုင်ခန်းများကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။
ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြခန်းသို့ လေ့လာရန် ဝင်ရောက်လိုက်သည်နှင့် ကရင်လူမျိုးတို့ အထွတ်အမြတ်တန်ဖိုးထားရာ မင်္ဂလာဖားစည်နှင့်အတူ မိချောင်းစောင်း ကောက်ကြီးက ပြခန်းဝတွင် အသင့်စောင့်ကြိုနေမည်ဖြစ်သည်။
“အဝင်ဝမှာ ကရင်တွေရဲ့ တူရိယာတွေ အထူးသဖြင့် အမြတ်တနိုးထားတဲ့ ဖားစည်၊ ကျွဲချိုတွေကို ပြထားတယ်။ အမျိုးသားအလံတွေကို ပြသထားတယ်။ ကရင်တူရိယာ စောင်းကိုလည်း အဝင်မှာပြထားတယ်” ဟု ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်က ပြောသည်။
ကရင်တိုင်းရင်းသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပုံပြကွက်ပြခန်းအတွင်း ကရင်ရိုးရာ တေးသံသာများနှင့်အတူ တောင်ပေါ် ဒေသတွင် တွေ့မြင်ရသည့် ဝါးဖြင့် ဆောက်ထားသော ကရင်ရိုးရာ တဲအိမ် ကလေးတစ်လုံး၊ ထိုတဲအိမ်လေး ရှေ့တွင် အရင်ဦး ဆုံးမြင်ရသည်မှာ ကရင်လူမျိုးတို့ ဆင်းသက်လာရာ သမိုင်းကြောင်းကို အနုစိတ်ပုံဖော် ပြသထားသည့် ကရင်တိုင်းရင်းသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာပုံပြကွက်ကလည်း စိတ်ဝင်စား စရာပင်။
ကရင်တိုင်းရင်းသားရိုးရာ တဲအိမ်လေးကို အိမ်ဦးခန်း၊ နားနေဆောင်၊ မီးဖိုချောင်၊ (အတွင်းဆောင်) အပျိုဆောင်များဖြင့် လက်ရှိပြင်ပတွင် တောင်ပေါ်တိုင်းရင်းသားတို့ နေထိုင် သည့်အတိုင်း ဆောက်လုပ်ထားပြီး အိမ်ဦးခန်းတွင် ရိုးရာဖားစည်အား ပြင်ဆင်ပြသထားသည့် အပြင် တူရိယာပစ္စည်း တချို့ကိုလည်း ခင်းကျင်းပြသထားသည်။
“လာကြည့်တဲ့လူတွေ တက်ကြည့် လို့ရအောင်လည်း ဆောက်ထားတယ်။ ရည်ရွယ်ချက်က လာတာနဲ့ ကရင်ရွာ ကို ရောက်သွားသလိုပေါ့။ ကရင်ဒေသကို ရောက်သွားသလို အဲဒီ အရသာလေး ခံစားစေချင်တယ်”ဟု ကရင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်က ပြောသည်။
တဲအိမ်ကလေးအောက်ဘက်တွင် ကရင်လူမျိုးတို့ လုပ်ကိုင်စားသောက်သည့် တောင်ယာလုပ် ငန်းနှင့် သက်ဆိုင်သည့် ဆန်ကော၊ ဆန်ခါနှင့် တောင်ယာသုံး၊ လယ်ယာသုံး ပစ္စည်းများ၊ ရေလုပ်ငန်းလုပ်ကိုင်ရာ တွင် သုံးသည့် ငါးဖမ်းပိုက်၊ မြှုံးများ စသည့် ပစ္စည်းများ၊ တောလိုက်ရာတွင် သုံးသည့် ဒူးလေးစသည့် ပစ္စည်းများ၊ ဒေသထွက်ရှိသည့် သီးနှံများ၊ တောကောင်ပစ္စည်းများကို ချိတ်ဆွဲ ပြသထားသည်ကို တွေ့ရသည်။
“စပါးက အဓိကဆိုတော့ မောင်းထောင်းဆုံတို့၊ ဆန်ကောတို့ အဓိကက တောင်ပေါ်ဒေသက ဝါးနဲ့ နီးစပ်တာဆိုတော့ ဝါးယဉ်ကျေးမှုကို ပိုပြီးတွေ့ရမယ်” ဟု တာဝန်ခံ စောဌေးလင်းအောင် က ပြောသည်။
ဖိဘီးယော် စပါးစောင့်နတ်သမီး
ကရင်ရိုးရာ ပြခန်းအတွင်း အနောက်ဘက်တွင် စပါးမောင်းထောင်းဆုံတစ်ခုနှင့် စပါးကျီကို မြင်တွေ့ရမည်ဖြစ်ပြီး အရှေ့ တစ်ဆက်တည်းတွင် ဖိဘီးယော် စပါးစောင့်နတ်သမီးကို ပူဇော် သည့် ဝင်းခြံခတ်ထားသော တိုင်များကိုလည်း ကရင်လူမျိုးတို့၏ ရိုးရာယုံကြည်မှု တစ်ခုအဖြစ် ဗဟုသုတ ဖြစ်ဖွယ် မြင်တွေ့နိုင်သည်။
''လုပ်ကိုင်စားသောက်ပြီးရင် စပါးစောင့်နတ်သမီး ဖိဘီးယော်ကို ပူဇော်ပသလေ့ရှိတယ်။ ဒီအချိန်နဲ့လည်း မတိမ်းမယိမ်းဆိုတော့ နတ်သမီးပူဇော်တဲ့ တိုင်ကိုလည်း ထောင်ထားတယ်” ဟု ကရင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင် က ပြောသည်။
ဖိဘီးယော်နတ်သမီးပူဇော်သည့် နေရာအနီးတွင် ရေနွေးကြမ်းဝိုင်းနှင့် အတူထိုင်ရင်း စကားစမြည်ပြောဆိုနေဟန် ကရင်မိသားစုကို ပုံဖော်ထားသည်မှာလည်း မြင်ရသူအတွက် နွေးထွေးသော မိသားစုမေတ္တာကို အထင်အရှားမြင်တွေ့နိုင်သည်။
ကရင်ရိုးရာတူရိယာများ
ကရင်ပြခန်းအတွင်း ကရင်ရိုးရာ တူရိယာများဖြစ်သည့် ဝါးဂီတာ၊ စောင်းကောက်၊ ဗျက်စောင်း၊ စောင်းပဒိုး၊ မိကျောင်းစောင်းကြီး၊ သောတူ(တယော)၊ ပဒိုး(ကျွဲချို)၊ မောင်း၊ လင်းကွင်း၊ သစ်သားစည်၊ ဖားတူရိယာ၊ ဖားသုံးဆင့်၊ ဒုံးကရာတွင် သုံးသည့် အိုးစည်၊ ဘင်၊ ဖားစည်၊ သံစုံဝါးပလွေ၊ ဝါးလုံး ပတ္တလား(ပေါ်ကူး) စသည့် ပစ္စည်း များကို စုံလင်စွာတွေ့ရသည်။
ဖားတူရိယာ
“ဖားတူရိယာက မိုးခေါင်ရေရှားရင် မိုးရွာလာအောင် အလင်္ကာ၊ ကဗျာတွေ ရွတ်ဆိုပြီး တော့တီးရင် မိုးကျလာ တယ်လို့ အယူအဆတွေရှိတယ်။ ဖားသုံးဆင့်က စည်းလုံးညီညွတ်တဲ့ အမှတ်တရပေါ့။ အောက်ဆုံးက အဘိုး၊ အပေါ်က အဖေ၊ အပေါ်ဆုံးက သားသမီးတစ်ဦးနဲ့ တစ်ဦး ဖေးမကူညီ တယ်၊ စောင့်ရှောက်တယ်ဆိုတဲ့ ရိုင်းပင်းကူညီမှုကို ပုံဖော်ထားတာပေါ့” ဟု ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်က ပြောသည်။
ကရင်တိုင်းရင်းသားတို့၏ ပြခန်းအတွင်း ကရင်အမျိုးသားခေါင်းဆောင် ကြီးများ၊ ကရင်အရေး ကို သီးသန့် ထမ်းဆောင်ခဲ့သူများ၊ မြန်မာနိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်း များ၊ ကရင်ပြည်နယ်၏ အထင်ကရနေရာ ဓာတ်ပုံမှတ်တမ်းများ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင် ပစ္စည်းများ၊ ယဉ်ကျေးမှုအကနှင့် ပွဲတော်များ၊ ရိုးရာကိုးကွယ်မှုများ၊ မျိုးနွယ်စု ဓာတ်ပုံ မှတ်တမ်းများကိုလည်း တစ်နေရာတည်းတွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေး မှုပြခန်းမှ တာဝန်ခံ စောဌေးလင်းအောင်က “ဒီပွဲတော် လုပ်တဲ့အတွက် ကျွန်တော်တို့ပြခန်းတွေနဲ့ ထည်ထည် ဝါဝါ စုံစုံလင်လင် လေ့လာလို့ရတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုလည်း ဖော်ပြလို့ ရတာပေါ့။ တိုင်းရင်းသားတစ်ယောက် နဲ့တစ်ယောက် ထိတွေ့ခွင့်ရတော့ ချစ်ကြည်မှုလည်းရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
စုစည်းတင်ပြသူ - သီသီမင်း
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)၊ မင်းသစ်(MNA)
Ref; Myanmar Digital News