လွတ်လပ်သောနိုင်ငံဖြစ်ပေါ်လာရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ နိုင်ငံကို လွတ်လပ်စေလိုသော၊ နိုင်ငံကိုကောင်းစားစေလိုသော၊ နိုင်ငံကိုချစ်မြတ်နိုးသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တွင် မရှိမဖြစ်လိုအပ်သည့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပင်လုံညီလာခံခေါ်ယူ၍ အမိအရ တည်ဆောက်ခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံညီလာခံ ညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း သိနိုင်မယ်” ဟူ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လမ်းညွှန်ချက်ကို တိတိကျကျ မိန့်ကြားခဲ့သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးခရီးလမ်းကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
နိုင်ငံတွင် မရှိမဖြစ်လိုအပ်သော တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ ပြည်သူလူထု ညီညွတ်ရေး ထိုနှစ်ခုကို လူတိုင်းမမေ့စေရန်အတွက် တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်နေတာကို ကျွန်တော်မလိုချင်ပါဘူး။ တိုင်းသူပြည်သား လူထုညီညွတ်ရေး အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် .. ...တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ်မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်” ဟူ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တိုင်းရင်းသားပြည်သူတိုင်း မမေ့မလျော့ မပေါ့စေရန် တစ်သက်စာ ထောက်ပြသွားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သကဲ့သို့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ လူထုညီညွတ်ရေးတို့ အလွန်အရေးပါသည်ကို လက်တွေ့မြင်တွေ့နေကြရပြီဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ဗိုလ်ချုပ်မှာကြားခဲ့သော အရေးကြီးသည့် ထိုနှစ်ချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံအတွင်း လွတ်လပ်ရေးရပြီးသည်မှ ယနေ့အထိတိုင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ လူထုအတွင်းပြဿနာများ၊ ပါတီချင်းမညီညွတ်မှုများ ကြိမ်ဖန်များစွာဖြစ်ခဲ့ရသည်။ စည်းလုံးညီညွတ်ရေး အားနည်းသောကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားခဲ့ရသည်။ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှမ်းဝေးရသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ် ဒီမိုကရေစီစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ဖော်ဆောင်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ကြည့်လျှင်ဖြစ်စေ၊ နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံများ၏ အစဉ်အလာကို ကြည့်လျှင်ဖြစ်စေ မတူကွဲပြားသော နိုင်ငံရေးအယူအဆအရ လွတ်လပ်စွာ သဘောကွဲလွဲကြသော်လည်း တိုင်းပြည်အရေးအတွက်မူ တစ်သဘောတည်းရှိကြသည်။ ပြည်သူလူထုအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားကို ပိုမိုအလေးထားသောကြောင့် ထိုတိုင်းပြည်တို့သည် ဒီမိုကရေစီထွန်းကားသည်။ တိုင်းပြည်တိုးတက်သည်။ ဒီမိုကရေစီနည်းလမ်း အရ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်သော်လည်း စည်းကမ်းလိုက်နာကြသည်။ တိုင်းပြည်ပျက်စီးစေမည့် အခြေအနေမျိုးကို ရှောင်ရှားကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏အနာဂတ်ကိုမြော်မြင်၍ ကြိုတင်မှာကြားခဲ့သည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသော တိုင်းရင်းသားညီညွတ်ရေး၊ လူထုညီညွတ်ရေးတို့ မပျက်ပြားစေရန် သတိပေးခဲ့သည်။ ယင်းညီညွတ်ရေးနှစ်ခု ပြိုကွဲပျက်စီးပါက တိုင်းပြည်ပြိုလဲ ပြိုကွဲသွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ မညီညွတ်သည့်အခါ ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုးတို့ ထိုးဖောက်ဝင်ရောက်လာတတ်သည်။ တိုင်းရင်းသားများနှင့် လူထု ထိုနှစ်ခု ညီညွတ်ကြသောအခါ ၁၉၄၇ - ၁၉၄၈ခုနှစ်က လွတ်လပ်ရေးအောင်ပန်းကို လှမ်းဆွတ်ချူနိုင်သလို လွတ်လပ်ပြီးကာလများ၌ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ကြီးပွားရေးတွင်စည်းလုံးရမည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ ပြည်သူလူထုအချင်းချင်း ညီညွတ်ရေးသည် အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီးတစ်ခုလုံးတွင် ညီညွတ်ရေးဖြင့် ချစ်ချစ်ခင်ခင် လက်တွဲပူးပေါင်းနေထိုင်ကြမည်ဆိုလျှင် စည်းကမ်းနှင့်ညီသော အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စု၊ တိုင်းရင်းသားပြည်သူများ မျှော်မှန်းသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာပါလိမ့်မည်။ ။