မိဘပြည်သူများ လိုအပ်နေသည့် ရောဂါဝေဒနာကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ပေးခြင်း အမှုသည် မည်မျှမွန်မြတ်ဖွယ်ကောင်းသနည်း။ မည်မျှစိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ် ကောင်းသနည်း။ ပြောပြ၍ပင် ရနိုင်မည် မထင်ပါ။ မိမိတို့ခံစားနေရသော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းအောင် ပြုစုကုသမှုပေးသူအား ကာယကံရှင်များက မည်မျှဝမ်းမြောက် ကျေးဇူးတင်ကြသည်မှာ အတိုင်းမသိပါ။
သို့သော် ထိုကောင်းသောအမှု၊ အလွန်မွန်မြတ်သောအမှုများမှာ ယခုလတ်တလောတွင် ပျောက်ကွယ်နေသည်ဖြစ်၍ များစွာစိတ်မကောင်းဖြစ်မိသည်။ ဝမ်းနည်းမိသည်။ မိဘပြည်သူ များအား နေ့စဉ်ကျန်းမာရေးဆိုင်ရာ ပြုစုကုသစောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းများသည် နိုင်ငံရေး အပြောင်းအလဲဖြစ်သည့်အပေါ် စိတ်ခံစားချက်ဖြင့် ၎င်းတို့အနစ်နာခံ ဆောင်ရွက်ခဲ့သော အများပြည်သူဆိုင်ရာ ဆေးရုံများကို စွန့်ခွာသွားခဲ့ကြသည်။ CDM ဟု လှုံ့ဆော်သော ရုံးမတက်နှင့်ရုံးထွက် ဆန္ဒပြမှုတွင် လိုက်ပါသွားကြသည်။
အများပြည်သူတို့အနေဖြင့် ကျန်းမာရေးနှင့်ဆက်နွယ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များဆိုလျှင် သိကြပေလိမ့်မည်။ ၎င်းတို့သည် ဒဏ်ရာအနာတရရသူ ပြည်သူတို့အား ဆေးရုံမရောက်မီ၊ အခြေအနေမဆိုးမီ အရေးပေါ်ပြုစုကုသပေးကြသူများ ဖြစ်သည်။ စစ်မြေပြင်များတွင်လည်းကောင်း၊ ပဋိပက္ခဖြစ်ပွားစဉ်တွင်လည်းကောင်း ဒုက္ခရောက်နေသူများကို ရန်သူမိတ်ဆွေ မခွဲခြားဘဲ ပြုစုစောင့်ရှောက်မှုပေးကြသည့် မွန်မြတ်သောစေတနာရှင်များဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများသည်လည်း အလားတူပင်ဖြစ်သည်။
ပြီးခဲ့သည့်ကာလတစ်လျှောက်လုံးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားသောအထောက်အကူပြု ဝန်ထမ်းအသီးသီးတို့သည် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှေ့တန်း မျက်နှာစာတွင် ကိုယ်ကျိုးစွန့်အနစ်နာခံကာ စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ နိုင်ငံတော်နှင့်တကွ တိုင်းရင်းသားပြည်သူအပေါင်းတို့က လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ကြသည်။
ယခုအခါ တိုင်းပြည်နိုင်ငံရေး အပြောင်းအလဲဖြစ်နေသော အချိန်ကာလတွင် CDM ဟူ၍ ပြည်တွင်း ပြည်ပသွေးထိုးလှုံ့ဆော်မှုကြောင့် ပြည်သူ့ဆေးရုံအသီးသီးကို စွန့်ခွာသွားကြသော ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အစဉ်အားကိုးအားထားပြုနေကြသော တိုင်းရင်းသားမိဘပြည်သူများ၏ မျက်နှာကို ထောက်ထားညှာတာသောအားဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြရန် တိုက်တွန်းအပ်ပါသည်။ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း ပြန်လည်ဝင်ရောက်လာမည့်ဝန်ထမ်းများ အဆင်ပြေစေရေးအတွက်လည်း ဖေးမကူညီပေးကြရမည် ဖြစ်သည်။
ယခုအခါတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် ဖြစ်ပွားနေဆဲ ဖြစ်သည်။ လက်ရှိတွင် ရောဂါဖြစ်ပွားနှုန်းကျဆင်းနေသည်ဟု ဆိုသော်လည်း ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးမှု အပိုင်းတွင် CDM ကိုအကြောင်းပြု၍ ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ သေချာပါသည်။ ရောဂါပိုးကို ရှာဖွေစစ်ဆေး နိုင်ခြင်းမရှိလျှင် ပြည်သူများကြားတွင် ရောဂါပျံ့နှံ့ရောက်ရှိနေနိုင်ပြီး ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ကာ ပြည်သူများပင် ဒုက္ခအခက်အခဲ ရောက်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြရန် မေတ္တာရပ်ခံပါသည်။ ကိုဗစ်-၁၉ ရောဂါပိုးကို ပုံမှန်အတိုင်း စစ်ဆေးပေးနိုင်စေရန် မြန်မာပြည်တစ်ဝန်းရှိ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါသည်။
ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထုအတွက် ကာကွယ်ဆေးထိုးနှံရေး ဆက်လက် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများ အနေဖြင့် တိုင်းရင်းသားပြည်သူရောဂါဝေဒနာရှင်များ၏ ထိခိုက်ခံစားနေသည့် မျက်နှာကို ထောက်ရှု၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ထမ်းဆောင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
သို့ဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် ဝန်ထမ်းအားလုံးတို့ကို ရောဂါဝေဒနာရှင် တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့က အားကိုးတကြီး မျှော်လင့်စောင့်စား နေကြပါသည်။ တိုင်းရင်းသားမိဘပြည်သူများ၏ ရောဂါဝေဒနာ ပျောက်ကင်း သက်သာရေးအတွက် ပြည်သူ့ဆေးရုံအသီးသီးသို့ ပြန်လည်ဝင်ရောက်ကြရန် အထူးတလည် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။