Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြင်ဦးလွင်၊ လားရှိုးမြို့တို့တွင် လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စုပေါင်းခန်းမတွင် ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် ၁၀၃ မှ သင်တန်းဆင်းဒုရဲအုပ် အရာရှိများအား တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိ‌ဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ၊ နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်နေမှုများ၊ တာဝန်ထမ်းဆောင်စဉ် ဆောင်ရန်ရှောင်ရန်များကို မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၆)ရှိ မြို့နယ်စုပေါင်းရုံး ခန်းမတွင် ခရိုင်/မြို့နယ်/ ရပ်ကွက် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများ၊ မြေပြင်လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြရေးအတွက် အသေးစိတ်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ပြီး ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) စုပေါင်းခန်းမတွင် သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ ပြင်ဦးလွင်ခရိုင် တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများကို တွေ့ဆုံပြီး နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ မိသားစုများ သက်သာချောင်ချိရေး ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းများ ဆောင်ရန်/ရှောင်ရန် ကိစ္စရပ်များ၊ တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်ရေး လုပ်ငန်းများကို အသေးစိတ် ချပြရှင်းလင်း အသိပေးပြီး မိသားစုများအတွက် စားသောက်ဖွယ်ရာ များအား ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့သို့‌ ရောက်ရှိခဲ့ပြီး ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ခန်းမတွင် ရဲတပ်ဖွဲ့ ဝင်များ၊ မိသားစုများကို တွေ့ဆုံ၍ ဧပြီ ၁၀ ရက်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ၏ ဇနီး၊ မိသားစုများ ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များ၏ ဇနီး၊ မိသားစုများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဌာနကြီးများမှ စုပေါင်းထောက်ပံ့ငွေများကို တစ်ဦးချင်း လက်ဝယ်သို့ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နောင်မွန်နယ်မြေရဲစခန်းသို့ ထွက်ခွာသွားပြီး တိုက်ပွဲဖြစ်စဉ် မြေပြင်အခြေအနေကို အသေးစိတ်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)