Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မကွေးတိုင်းဒေသကြီး လမ်း/တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု စစ်ဆေး

နေပြည်တော် ဧပြီ ၁၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်-တောင်ညို - ချောင်းနက် တောင်တွင်းကြီးလမ်းအပိုင်းကို လမ်းချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး လမ်းဦးစီးဌာန ဥတ္တရခရိုင်မှ မိုင်တိုင် အမှတ်(၄၁/၀)နှင့် (၄၄/၂)အကြားတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အပိုင်းလိုက် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်တောင်ညို -ချောင်းနက် - တောင်တွင်းကြီးလမ်းသည် ရိုးမဖြတ်ကျော်လမ်း (၇)လမ်းတွင် အရေးပါသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် လမ်းချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ကွန်ကရစ်ခင်းရာတွင် အရည်အသွေးပြည့်မီစေရေးနှင့် လမ်းပခုံးကိုပါ တစ်ပါတည်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် Guard Rail များကိုလည်း လိုအပ်သည့်နေရာတွင် တပ်ဆင်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။

အချိန်တိုအတွင်း သွားလာနိုင်မည်

နေပြည်တော် - တောင်ညို - ချောင်းနက် - တောင်တွင်းကြီးလမ်း နေပြည်တော်ကောင်စီနယ်မြေ အပိုင်းကို လမ်းဦးစီးဌာန (နေပြည်တော်) မှ ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး လမ်းအရှည် ၃၂ မိုင်၊ ၂ ဖာလုံရှိကာ လမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် မိုင် ၃၀၊ ၂ ဖာလုံ ပြီးစီးမည်ဖြစ်သည်။ ယခင်က နေပြည်တော်မှ မကွေးတိုင်း နယ်စပ်အထိ တစ်နာရီခွဲအချိန်ကြာ မောင်းနှင်ခဲ့ရပြီး ယခုအခါ မိနစ် ၅၀ ဖြင့်သာ ခရီးသွားပြည်သူများ အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်- အောင်လံတောင်တွင်းကြီး လမ်းပေါ်တွင် တံတာဦးစီးဌာန၊ တည်ဆောက်ရေး(၁)။ တံတားအထူးအဖွဲ့(၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော အရှည်ပေ၁၈၀ နှစ်လမ်းသွား ပရပ်ကျယ်ချောင်းတံတားသစ်တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့ (၃)မှ အရှည် ပေ ၃၀ဝ နှစ်လမ်းသွား ကြေးနီချောင်းတံတားသစ် တည်ဆောက်နေမှုအခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦးနှင့် တာဝန် ရှိသူများသည် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)မှ တာဝန်ယူတည်ဆောက်နေသော ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ရှင်းလင်းဆောင် တွင်တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာညွှန်ကြားရေးမှူး (မြို့ပြ) ဦးဌေးအောင်က တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာရေးနှစ်အလိုက်လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ရေလယ်တိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပြီးစီးမှုအခြေအနေတို့ကိုလည်းကောင်း ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

အထူးအလေးထားဆောင်ရွက်

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ ဘိုးပိုင်များတူးရာတွင် ယခင်တံတားတည်ဆောက်ရေး လုပ်ငန်းများ၏ အတွေ့အကြုံကိုရယူပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တွင် အသုံးပြုသည့် စက်/ယာဉ်/ယန္တရားများကို သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း တံတားကြီးကို အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် အောင်လံဘက်ခြမ်း တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို လည်းကောင်း၊ ရေလယ်ကျွန်းပေါ်သို့သွားရောက်၍ ရေလယ်တိုင်အမှတ် (RP6 - RP7- RP8- RP9- RP10- RP11) တိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရေလယ်တိုင်အမှတ်(RP-8)တွင် Pile Cap သံဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ သရက်ဘက် ကမ်းတွင် ရေကြောင်းသွားသင်္ဘောများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။ ။

ဧရာဝတီတံတား(သရက်-အောင်လံ)သည် မကွေးတိုင်းဒေသကြီး သရက်ခရိုင်တွင်တည်ရှိပြီး ရာဝတီမြစ် အရှေ့ဘက်ကမ်း အောင်လံမြို့နှင့် အနောက်ဘက်ကမ်း သရက်မြို့တို့ကို ဆက်သွယ်တည်ဆောက် ထားကာ စုစုပေါင်း တံတားအရှည် ၂၂၇၂ဒသမ ၅ မီတာ၊ ယာဉ်သွား လမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက်လျှင် ၁ မီတာစီ ပါရှိပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ် မီတာ ၁၃၀၊ အမြင့် ၁၆ မီတာရှိကာ တံတားအမျိုးအစားမှာ သံမဏိသံပေါင် ခုံးတံတားအမျိုးအစားဖြစ်ပြီး တံတား၏ခံနိုင်ဝန်မှာ AASHTO HS 25 Loading ဖြစ်သည်။ ။

လွယ်ကူလျင်မြင်စွာ သွားလာနိုင်

ယခုတည်ဆောက်နေသည့် ဧရာဝတီတံတား (အောင်လံ-သရက်) တည်ဆောက်ပြီးစီးပါက ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ သရက် မြို့နှင့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ အောင်လံမြို့တို့မှဒေသခံပြည်သူများ အချိန်တိုအတွင်း လွယ်ကူလျင်မြင်စွာ သွားလာနိုင်မည်ဖြစ်သလို နောင်တစ်ချိန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ သရက်၊ အောင်လံ၊ နေပြည်တော်ကိုဖြတ်ပြီး အနယ်နယ်အရပ်ရပ်သို့ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ အရေးပါသော တံတားတစ်စင်းအဖြစ် တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်