Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များနှင့် တွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၁၂ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ရောက်ရှိလျက်ရှိသော နိုင်ငံတော်စီမံအုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး စုပေါင်းခန်းမတွင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရ သည့် အခြေအနေများ၊ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ၊ နိုင်ငံတော်အတွင်း ဆန္ဒပြမှု အခြေအနေမှ ဆူပူဆန္ဒပြမှု၊ ယင်းမှ အကြမ်းဖက်လှုပ်ရှား ဆောင်ရွက်မှုများ၊ ထိုအဆင့်မှ အဖျက် အမှောက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လာမှုအခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အေးချမ်းလုံခြုံမှုကိုလိုလားသည့် ပြည်သူလူထု၏ မျက်နှာကိုထောက်ရှု၍ လူစုလူဝေး ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ရေး ရဲတပ်ဖွဲ့ဝင်များ ဆောင်ရန်/ရှောင်ရန်ကိစ္စရပ်များ၊ တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်ရေး ကိစ္စရပ်များ၊ ကောလာဟလများ ထုတ်လွှင့်နေမှုများကို ဂရုပြုရှောင်ကြဉ်ရေး စသည်တို့ကို အသေးစိတ် မှာကြားခဲ့ပြီး မိသားစုများကို ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ပြည်နယ်/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့များကို တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိအခြေအနေအရပ်ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက် မှုဖြစ်စဉ် ဖြစ်ရပ်များ၊ ဆူပူအကြမ်းဖက်အဖွဲ့အစည်းများ၏ အဖျက်အမှောက်ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေး ပိုမို ခိုင်မာအားကောင်းလာစေရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့် အစီအမံများ၊ ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် တင်ပြလာသည့်လုပ်ငန်း အခက်အခဲများကို ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)