ရန်ကုန် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ကုန်လွန်၍ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါဝင် ဘုရားစေတီများ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး ကျင်းပသည့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းနှင့် ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းအဖွဲ့ များက ဧည့်ခံတန်ဆောင်း၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဆွမ်းတော်ကြီး၊ သစ်သီး၊ ပန်းမန်၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းအခမ်းအနားကို ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော် မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဦးစီးပဓာနနာယက တိပိဋကဓရ တိပိဋက ဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက နဝင်္ဂသီလခံယူ ဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွှန့်သင်းက အဖွင့်မင်္ဂလာစကားလျှောက်ထားသည်။
ထို့နောက် ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဗဟန်း မြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသ ထံမှ အနု မောဒနာ တရားနာကြားပြီး ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
ဆက်လက်၍ သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူခြင်းအခမ်းအနားကို ကျင်းပရာ သြဝါဒခံယူပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးညွန့်သင်းက လျှောက်ထားပြီး သြဝါဒါစရိယ ဆရာတော်ကြီးများက သြဝါဒကထာများ မြွက်ကြားတော်မူကြသည်။
အလားတူ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ နံနက် ၆ နာရီတွင် ဂေါပကရုံးအာရုံခံတန်ဆောင်းအပေါ်ထပ်၌ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် သြဝါဒါ စရိယ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒွိပိဋက ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သြဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးအား ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။
ထို့နောက် စေတီတော်မြတ်ကြီး၏ ဓါတ်တော်တိုက်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး များအား ဆရာတော်၊ သံဃာတော်များက အနေကဇာတင်လှူပူဇော်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်သရစ္ဈာယ်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့ပြင် ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌လည်း ယနေ့နံနက်ပိုင်းမှ စ၍ ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိပြီး ဘုရားဖူးလာပြည်သူများအား အလှူရှင်များက စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းကြသည်။
ယနေ့ နှစ်ဆန်း ၁ ရက်နေ့တွင် ဆရာတော်သံဃာတော်များက မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ လမ်းမကြီးတစ်လျှောက်၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ပရိတ်ရေများပက်ဖျန်းခြင်း၊ ရပ်ကွက်များတွင် လမ်းများ အလိုက် ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္စျာယ်ခြင်းများ ပြုလုပ်ကြသည်။
ပုဂ္ဂလိကအငှားယာဉ်တချို့၊ ယာဉ်လိုင်းတချို့ကလည်း သံဃာတော်များ၊ သီလရှင်များနှင့် ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေစေရန် ယာဉ်များအား ပြေးဆွဲပေးလျက်ရှိပြီး အချို့ အငှားယာဉ်များသည် ဘုရားဖူးပြည်သူများအား ယာဉ်စီးခမယူဘဲ ကုသိုလ်အဖြစ် အခမဲ့လိုက်ပါ ပို့ဆောင်ကြသည်ကိုလည်း တွေ့ရသည်။
သတင်း-လင်းလတ်ဇော်၊ ကျော်စိုးဝင်း
ဓာတ်ပုံ-ဇော်ဇော်လတ်