Skip to main content

တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့အတွက် သိပ်အရေးကြီးပါတယ်ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

ရန်ကုန်   ဖေဖော်ဝါရီ   ၇

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပ သော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင် ခဲ့မှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ပါသည်။


ဦးဇော်အေးမောင်
ရန်ကုန်တိုင်းဒေသကြီး
ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး


ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ဖို့အတွက် သိပ်အရေးကြီးပါတယ်။ အဲဒီ စည်းလုံးညီညွှတ်မှုကို ရည်ရွယ်ပြီးတော့ ဒီပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်က တော့ ဒုတိယအကြိမ်ပါ။ ဒီပွဲတော်ဖွင့်ပွဲ ကျင်းပတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ တက်ရောက် အားပေးချီးမြှောက်ခဲ့ပါတယ်။ အဲဒီအတွက်လည်း တိုင်းရင်းသားတွေအားလုံး က ဝမ်းသာ ကျေနပ်တယ်။ ပီတိဖြစ်တယ်။

ဒီလိုကျင်းပခြင်းအားဖြင့် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုအတွက် ဒီပွဲတော်ဟာ Platform တစ်ခုဖြစ်တယ်။ Ground တစ်ခုလည်းဖြစ်တယ်။ မနှစ်တုန်းက ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း က ဦးဆောင်ကျင်းပတာပါ။ ဒီနှစ်မှာတော့ ကယားတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း က ဦးဆောင်ပြီးကျင်းပတာပါ။ ကယား ပြည်နယ်က ကယားတိုင်းရင်းသား ၁၆၀၀ လောက် ပါဝင်ဆင်နွှဲကြတယ်။ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ၃၀၀ လောက်ပါဝင် တယ်။ ကိုးကန့်ကလည်း ၆၀၀ လောက် ပါဝင်တယ်။ ရှမ်းပြည်နယ်က ၈၀၀ လောက် တက်ရောက်လာပြီး အားလုံး ဒီပွဲတော်မှာ ကိုယ့်ဒေသ ထွက်ကုန်တွေ၊ ရိုးရာယဉ်ကျေးမှု တွေပြကြတယ်။

ရခိုင်တိုင်းရင်းသားဆိုရင်လည်း ရန်ကုန်နေ ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်တွေက ကိုယ့်ရဲ့ရခိုင်ယဉ်ကျေးမှုတွေကို ပြကြတယ်။ အဲဒီလိုပဲ အခြားသော တိုင်းရင်းသားတွေ လည်း ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို ပြသကြတယ်။ တိုင်းရင်းသားတွေ အချင်းချင်း တစ်ဦးရဲ့ ယဉ်ကျေးမှုတွေကို တစ်ဦး သွားရောက် လည်ပတ် လေ့လာကြတယ်။ အချင်းချင်း ချိတ်ဆက်မှုတွေလည်း ရသွားကြတယ်။ တစ်ယောက်ရဲ့ ယဉ်ကျေးမှုကိုလည်း တစ်ယောက်က လေးစားသွားတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင် ရင်းနှီးမှုရ သွားကြတယ်။ အဲဒီချစ်ခင်ရင်းနှီးမှုရဲ့နောက်မှာ ယုံကြည်မှု ပါလာတယ်။ ယုံကြည်မှုရဲ့နောက်မှာ အပြန် အလှန်လေးစားမှုဆိုတာ ဖြစ်လာတယ်။ အပြန်အလှန်လေးစားမှု ရှိလာရင် ငြိမ်းချမ်းရေး ဆိုတာ ရလာမယ်။

ဒီပွဲတော်မှာဆိုရင် ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကလည်း ဗမာ တိုင်းရင်းသားရိုးရာပြခန်းကို ပြသကြတယ်။ ဗမာကလည်း တိုင်းရင်းသားတစ်မျိုးပါပဲ။ အဲဒီတော့ ဗမာရယ်၊ ကျန်တိုင်းရင်းသားတွေရယ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယဉ်ကျေးမှုတွေကို လေးစားမယ်၊ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်မယ် ၊ ယုံကြည်မှုတွေရ လာမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းလာမယ်။ ငြိမ်းချမ်းရေး ရရှိလာမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုး တိုးတက်မှုရှိမှာပါ။

ငြိမ်းချမ်းရေးရဖို့အတွက် ဒီပွဲတော်ဟာ Platform တစ်ခုပဲဖြစ်ပါတယ်။ ဒီပွဲတော်မှာ တိုင်းရင်းသားအချင်းချင်း ဘာပြဿနာမရှိဘဲ တစ်ဦးနဲ့တစ်ဦး ပိုပြီးတော့ ချစ်ခင်ရင်းနှီးသွား တဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ဖြစ်မြောက် အောင် ဆောင်ရွက်ပေးတဲ့ နိုင်ငံ တော်အစိုးရနဲ့ ဝိုင်းဝန်းကူညီပေးသူအားလုံးကို ကျေးဇူးတင် ပါတယ်။ အခုလို ပွဲတော်ကို နှစ်စဉ်၊ ထာဝရ ကျင်းပပေးသွားဖို့လိုပါတယ်။

ဦးလဖိုင်ခွန်ဆာ

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ

တိုင်းရင်းသားလုပ်ငန်းရှင်တွေ စုပေါင်းပြီး ဆင်နွှဲတဲ့ပွဲပါ။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ တိုးတက်ပြောင်းလဲလာတဲ့ပုံရိပ်တွေပါ။ အခုလိုမျိုး စုစည်းကြရတဲ့အတွက် အဲဒီအပေါ်မှာ ကျွန်တော်တို့တိုင်းရင်းသားတွေ ဝမ်းသာအားရ ဖြစ်ရတယ်။ အရင်တုန်းက အခုလို ပွဲတော် မရှိခဲ့ဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ပြောင်းလဲလာတဲ့ ပြောင်းလဲမှု တစ်ခုကို ကျွန်တော်တို့တိုင်းရင်း သားတွေ အားတက်သရော ကျင်းပကြတယ်လို့ ပြောချင်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပွဲတော်မျိုး သိပ်မရှိပါဘူး။ တိုင်းရင်းသားတွေအနေနဲ့ လည်း ဗဟုသုတတွေရအောင် လာရောက် လေ့လာကြတယ်။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေ၊ အစားအသောက်တွေ၊ တိုင်းရင်းသားဒေသထွက်ကုန် ပစ္စည်းတွေ ရှိတော့ ထူးခြားမှုတွေ ဖြစ်နေကြတယ်။ ဒါတွေကြောင့်လည်း လူစည်ကားနေတယ်လို့ ထင်ပါတယ်။

အရင်တုန်းက ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာ ထွက်ကုန်တွေ၊ ထုတ်ကုန်တွေ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ မငြိမ်းချမ်းတဲ့ အခက်အခဲတွေ‌ကြောင့် ကျွန်တော်တို့ဟာ ဈေးကွက်မှာ စနစ်တကျ တင်ပို့နိုင်ဖို့အတွက်၊ တန်ဖိုးမြင့် ထုတ်ကုန် အနေနဲ့ လုပ်ဖို့အတွက် အားနည်းခဲ့တယ်။ အားနည်းတဲ့ အကြောင်းအရင်းတွေကတော့ မသိတာတွေလည်းရှိတယ်။ အခက်အခဲမျိုးစုံရှိခဲ့ လို့ အရင်တုန်းက ဖြစ်သင့်သလောက်၊ ရှိသင့် သလောက် မဖြစ်ခဲ့ဘူး။ အခုအဲဒါတွေကို ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး တိုင်းရင်းသား ဒေသတွေအလိုက် ထွက်ကုန်တွေနဲ့ပတ်သက် ပြီး တိုင်းရင်းသားတစ်ဦးနဲ့တစ်ဦး ဒီပွဲတော်မှာ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ နောက်နှစ်တွေမှာလည်း ပွဲတော် တင်မဟုတ်ပါဘူး။ ကျွန်တော်တို့ဒေသရဲ့ ဖွံ့ဖြိုးမှု၊ ဒေသရဲ့ စီးပွားရေးအရင်းအမြစ်တွေကို ဖော်ဆောင်ပေးပြီး အဲဒီဒေသမှာရှိတဲ့ သွေးချင်း တွေကို အလုပ်အကိုင် ၊ စီးပွားရေး အခွင့်အလမ်း တွေ ဖြစ်လာအောင် ရည်ရွယ်ပြီး ကျွန်တော်တို့ ကြိုးစားဖော်ဆောင်နေပါတယ်။

မင်းဗညားဆန်း

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး

ဒီနှစ်ကတော့ ပွဲတော်ကို စည်စည် ကားကား ကျင်းပနိုင်ခဲ့တယ်။ နေ့တိုင်း လူအများကြီး လာရောက်အားပေးတာကို တွေ့ရလို့ အများကြီးဝမ်းသာပါတယ်။ ပွဲတော်ကို ခုနစ်ရက် ကျင်းပတာဖြစ်ပေ မယ့် တိုင်းရင်းသားဖျော်ဖြေရေးကိုတော့ ခြောက်ရက်လုပ်တာပါ။ ဖေဖော်ဝါရီ ၆ ရက် က နောက်ဆုံးပါ။ ဖေဖော်ဝါရီ ၇ ရက်မှာ တော့ ဝင်ကြေးအခမဲ့ ဖျော်ဖြေရေး အစီအစဉ် ရှိပါတယ်။ ဇော်ဝင်းထွဋ်နဲ့အတူ နာမည်ကြီး အဆိုတော်တွေ ဖျော်ဖြေကြမှာပါ။ ပွဲတော် နောက်ဆုံးရက်မှာ ဖျော်ဖြေရေးအစီအစဉ် လုပ်ပေးလိုက်တဲ့အတွက် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံး စိတ်လွတ်ကိုယ်လွတ် ပျော်ကြရမှာပါ။ အခြားသော တိုင်းရင်းသား ရိုးရာပြခန်းတွေကိုလည်း လေ့လာလို့ရမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ အလှည့်ကျရောက်တဲ့ ကယား ပြည်နယ်ဆိုရင် သူတို့ရဲ့ရိုးရာ တံခွန်တိုင်ကဖို့ လူတစ်ထောင်ကျော် လာကြရတယ်။ ကျွန်တော်တို့ရဲ့ ဗုံပလွေဆိုတဲ့အက က ငါးရာကျော်လာရတယ်။ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့ တေးသီချင်းကလည်း လူနှစ်ရာ ကျော်လာရပါတယ်။ ဒီလူတွေ အကုန်လုံး ဒီကို လာဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိတယ်။ ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ရပါတယ်။ ကြည့်တဲ့သူတွေ အနေနဲ့က တော့ ဒါတွေကို တစ်ခါတည်း တစ်နေရာတည်း မှာ ကြည့်ရတယ်။ ရိုးရာယဉ်ကျေးမှုတွေကို လည်း လေ့လာလို့ရတယ်။ တင်ဆက်ပြသမှု တွေနဲ့ ပြခန်းတွေကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူပါဘူး။ တိုင်းရင်းသားတွေအနေနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာအောင် လုပ်ကြလိမ့်မယ်လို့ ကျွန်တော် ယူဆ ပါတယ်။

ဦးထွန်းကျော်
ကယားတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ

ဒီကနေ့ တိုင်းပြည်ရဲ့ အခြေအနေ လိုအပ်ချက်အရ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းရဲ့ ဦးဆောင်မှု အောက်မှာ ကျွန်တော်တို့ ကယားတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း အနေနဲ့ ဒီပွဲတော်ကြီး ကို တာဝန်ယူကျင်းပ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့က ကျွန်တော်တို့ နိုင်ငံရဲ့ လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမျိုးစုံ ချစ်ကြည်ရေးအတွက် သော်လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက် သော်လည်းကောင်း၊ အင်မတန်မှ လိုအပ်တဲ့ အချိန်ဖြစ်တာနဲ့အညီ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဒီမှာ စုံစုံညီညီ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေလိုမျိုး မဟုတ်တော့ဘဲ ညီအစ်ကိုတွေလိုမျိုး ဖြစ်သွားတာကို ကျွန်တော်တို့ ခံစားကြရတယ်။

နောက်နှစ်တွေမှာ အလှည့်ကျ ကျင်းပ သွားမယ်လို့ သိရပါတယ်။လာမယ့်နှစ်ကျရင်တော့ ကရင်ပြည်နယ် တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းက တာဝန်ယူကျင်းပမယ်လို့ သိရပါတယ်။ ဒီနှစ်လည်း ကျွန်တော်တို့က ဦးဆောင်လုပ်တယ် ဆိုပေမယ့် ကချင်၊ ကရင်နဲ့ တခြားတိုင်းရင်းသားအသင်းအဖွဲ့တွေအားလုံး လည်း ပါဝင်ကူညီပေးတာကို တွေ့ရပါတယ်။ တိုင်းရင်းသားစုစည်းမှုဆိုတာ ဒီပွဲတော်က အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်မက စုစည်းဖို့ လိုသေးတယ်။ ဒီထက် မက ညီညွတ်ဖို့လည်း လိုသေးတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ကျွန်တော်တို့ အားလုံး ကြိုးစားမှ ဖြစ်မယ်လို့ ခံယူထားပါတယ်။

တွေ့ဆုံမေးမြန်း - ဇော်ကြီး

ဓာတ်ပုံ - ဇော်မင်းလတ်