Skip to main content

သစ်ပင်ကို ချစ်ခင်စေလို

နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် မိုးရွာသွန်းခြင်းနှင့်အတူ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနေကြပြီဖြစ်သည်။ ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ထားပြီး နှစ်စဉ်စိုက်ပျိုးခဲ့ကြရာစတင်စိုက်ပျိုးစဉ်ကပင် နည်းစနစ်မကျခြင်း၊ စိုက်ပျိုးသည့် သစ်ပင်မှာ ရှင်သန်ဖွံ့ဖြိုးရန် အခွင့်အလမ်းနည်းပါး သည့် အရွယ်အစားဖြစ်နေခြင်း၊ ဆက်လက်ပြုစုပျိုးထောင်မှု မပြုလုပ်ခြင်း စသည့်အကြောင်းများကြောင့် သန်းနှင့်သိန်းနှင့်ချီ၍ စိုက်ခဲ့ကြသည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းမှု နည်းပါး လှသည်ကိုလည်း သတိပြုမိသည်။ အကယ်၍သာ စိုက်သမျှ ရှင်သန်ဖြစ်ထွန်းခဲ့မည်ဆိုလျှင် မြို့ရွာဒေသအနှံ့အပြားတွင် သစ်ပင်များ သစ်ရိပ်များဖြင့် စိမ်းစိုဖုံးလွှမ်းနေမည်ဖြစ်သည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပ၍ မြို့ပြသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်မှုများနှင့်အတူ တစ်ဖက်တွင်လည်း နှစ်ပေါင်းများစွာ ရှင်သန်ကြီးထွားပြီးဖြစ်သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းမှုများကို အကြောင်းအမျိုးမျိုးဖြင့် ပြုလုပ်နေကြသည်။ မိုးရာသီကာလ သစ်ပင်သစ်ကိုင်းများ ရိုက်ခတ်မှုကြောင့် ဓာတ်ကြိုးများ ပြုတ်ကျခြင်း၊ ဓာတ်အားပြတ်တောက်ခြင်းများ မဖြစ်ပေါ်ရေး၊ ဓာတ်အားလိုင်းများနှင့် သစ်ရွက်သစ်ကိုင်းများ ထိတွေ့နေပါက မိုးရွာချိန်တွင်ဓာတ်အားစီးဝင်ပြီး ဓာတ်လိုက်မည့် အန္တရာယ်မဖြစ်ပေါ်ရေး စသည့်အကြောင်းများကြောင့် ဖြစ်သည်။ ထို့ပြင် လူသွားစင်္ကြံ ပလက်ဖောင်းများ ခင်းကျင်းခြင်း၊ တိုးချဲ့ခြင်း၊ လမ်းများကို တိုးချဲ့ခြင်း စသည့်အကြောင်းများကြောင့်လည်း သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကြခြင်းဖြစ်သည်။ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေး တည်ဆောက်မှုများ ပြုလုပ်ရာတွင် လမ်းများ၊ လူသွားစင်္ကြံများ၊ ရေမြောင်းများ၊ ဓာတ်အားလိုင်းများ၊ ဖုန်းအင်တာနက်လိုင်းများ၊ ရေပိုက်များ စသည်တို့နှင့်အတူ အရိပ်ရသစ်ပင်များ၊ မြေအောက်ရေ ပြန်လည် ဖြည့်တင်းနိုင်ရေးနှင့် မြင်ကွင်းသာယာလှပရေးအတွက် ပလက်ဖောင်းဘေးမြက်ခင်းများ၊ မြေကွက်လပ်များ စသည်တို့ကိုပါ အကွက်ချ၍ စနစ်တကျ တည်ဆောက်သွားရမည်ဖြစ်ပြီး အကြောင်းကြောင်းဖြင့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရသည့် အလုပ်မလုပ်ရစေရန် မျှော်တွေး၍ တည်ဆောက်သွားရမည် ဖြစ်သည်။ ယခုအခါ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုနှင့်အတူ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးတို့ ရင်ဆိုင်နေရသည်။ ၎င်းနိုင်ငံများအနက် ရာသီဥတုဖောက်ပြန်မှုကို ဆိုးဆိုးရွားရွားခံစားရသည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် လူတို့၏ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ သစ်တော များ ပြုန်းတီးခြင်း၊ ရေအရင်းအမြစ်များ ပျက်စီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း စသည်တို့ကို တွေ့မြင်နေရသလို ယင်းမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုလည်း ဒေသနေပြည်သူများ ရင်ဆိုင်ခံစားနေကြရသည်။ လူနေရပ်ရွာမြို့ပြများ သန့်ရှင်းသပ်ရပ်သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့်အတူ သစ်ပင်သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်တို့ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်မှုများကို တာဝန်ရှိသူများနှင့် ပြည်သူများ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့၏ လောဘအလိုရမ္မက်ကြောင့် ပျက်စီးရသည့် သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ပြန်လည်ပြုစုပျိုးထောင်ရန်မှာလူတို့ကသာ စွမ်းနိုင်သည့်အလျောက် နိုင်ငံသူ နိုင်ငံသားအားလုံးက သစ်ပင်ကို ချစ်ခင်စွာ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။