အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမည်ခံ အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုသည့် ဦးဇော်ဝေစိုးနှင့် ပြင်သစ်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာန France 24 တို့ ဇူလိုင် ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်လုပ်ရပ်များအတွက် ဆင်ခြေပေး ဖုံးကွယ်မှုသက်သက်မျှသာ ဖြစ်သည်။ “အကူအညီမဲ့နေသည့် မြန်မာပြည်သူများ” “မိမိကိုယ်ကို ခုခံသည့်နည်းလမ်း” စသည့် စကားလုံး အသုံးအနှုန်းများကို အပေါ်ယံမှ ဖုံးကာ လက်နက်ကိုင်ဆောင် မထားသည့် အပြစ်မဲ့ပြည်သူများ၊ ကျောင်းဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများကို လုပ်ကြံ သတ်ဖြတ်ခြင်း၊ ရုံးဌာနများ ကျောင်းများအပါအဝင် အရပ်ဘက်နေရာ အဆောက်အအုံများကို မိုင်းထောင်၊ ဖောက်ခွဲ၊ မီးရှို့ခြင်းတို့ အပါအဝင် မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသည့် အကြမ်းဖက်မှုများကို ကမ္ဘာက မရိပ်စားမိအောင် ပုံဖျက်လှည့်စားလိုက်ခြင်းလည်း ဖြစ်သည်။
“အကူအညီမဲ့နေသည့် မြန်မာပြည်သူများ” ဟု ဦးဇော်ဝေစိုးက ရည်ညွှန်းသုံးစွဲခဲ့သူများမှာ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခံထားရသည့် NUG, PDF နှင့် ယင်းအဖွဲ့အစည်းများကို ထောက်ခံသူ အစွန်းရောက်သမားများသာ ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်တွင် တွေ့မြင်နေရသည့် အချက် အလက်များအရ ၎င်းတို့မှာ ပြည်ပမှငွေကြေးအကူအညီ၊ လက်နက်အကူအညီနှင့် ဖြစ်နိုင်လျှင် စစ်ရေးအရ ဝင်ရောက် ကျူးကျော်တိုက်ခိုက်ပေးရန်ကိုပါ မျှော်လင့်နေကြသူများ ဖြစ်ကြသည်။ “မိမိကိုယ်ကို ခုခံသည့်နည်းလမ်း” ဆိုသည်မှာလည်း CDM မလုပ်သည့် ကျန်းမာရေးဝန်ထမ်း၊ ပညာရေး ဝန်ထမ်း၊ ဆရာဆရာမများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်စသည်ဖြင့် စွပ်စွဲခံရသူများနှင့် ယုတ်စွအဆုံး လျှပ်စစ်ဝန်ထမ်းများကိုပါ လုပ်ကြံသတ်ဖြတ်မှု၊ အပြင်းအထန် ထိခိုက်စေမှု၊ ခြိမ်းခြောက်မှုတို့ကို အကြမ်းဖက်ကျူးလွန်ခဲ့သမျှအပေါ် နိုင်ငံတကာမှ ပြည်သူများ မသိမမြင်ရစေရန် ဖုံးဖိလိုက်ခြင်းဖြစ်ပြီး စာနာသနားမှုကိုပါ လှည့်ဖြားရယူရန် ကြိုးပမ်းလိုက်ခြင်းလည်း ဖြစ်သည်။ ဦးဇော်ဝေစိုးသည် မြန်မာပြည်သူများ အများစုသုံးစွဲ နေကြသည့် ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်စေရေးအတွက် မကြာ ခဏဆိုသလို လှုံ့ဆော်လေ့ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေးအတွက် ခြိမ်းခြောက်မှုကိုလည်း မကြာမကြာ ပြုလုပ်လေ့ရှိသူဖြစ်သည်။
မြို့ပြဒေသများတွင် လုပ်ကြံ သတ်ဖြတ်မှုများ၊ ဖောက်ခွဲမှု၊ မီးရှို့မှုများနှင့် လက်နက်စွဲကိုင်၍ ပုန်ကန်တိုက်ခိုက်မှုများ စသည်တို့မှာ မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရမဆို လက်ခံ မည်မဟုတ်ဘဲ ဥပဒေနှင့်အညီ အရေးယူမှု၊ နှိမ်နင်းမှုတို့ ပြုကြမည်သာဖြစ်သည်။ အထူးသဖြင့် အရပ်ဘက်ပစ်မှတ်များကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဟူသမျှမှာ မည်သည့်ပုံစံဖြင့် ကျူးလွန်ပြုလုပ်သည်ဖြစ်စေ အပြစ်မှ ဖုံးကွယ်စရာ၊ ဆင်ခြေပေးစရာမရှိသည်ကို ပြင်သစ် နိုင်ငံကဲ့သို့သော ဒီမိုကရေစီသက်တမ်းရင့် နိုင်ငံကြီးအနေဖြင့် သိရှိနားလည်မည်သာဖြစ်သကဲ့သို့ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍လည်း မကြာမကြာ ရင်ဆိုင်ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စာနာနားလည် နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။