Skip to main content

ကိုဗစ်ရောဂါဘေးကို သတိတရားဖြင့် ကာကွယ်

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အရှိန်မြှင့် ကူးစက်ဖြစ်ပွားနေသည်။ ရောဂါဖြစ်ပွား လာခဲ့သည့် တစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာတစ်ခွင်တွင် ရောဂါပိုးကူးစက်ခံရသူ သန်း၂၀၀ နီးပါး ဖြစ်လာပြီး ပြန်လည်ကျန်းမာလာသူ သန်း ၁၇၀ နီးပါးနှင့် သေဆုံးသူ ကမ္ဘာ့ပြည်သူလေးသန်းကျော် ရှိသည်။ ကမ္ဘာပေါ် တွင် ဤကဲ့သို့သော ရောဂါကပ်ဘေးများ ရာစုနှစ်တစ်ခုအလိုက် ကျရောက်ခဲ့ဖူးပြီး ယခု ၂၁ ရာစုတွင် ကြီးမားသော ရောဂါကပ်ဘေးတစ်ခု ဖြစ်လာသည်။

ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံသည် ရောဂါဖြစ်ပွားမှု၊ ကင်းစင်မှု၊ သေဆုံးမှု အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသည် ဒုတိယ၊ ဘရာဇီးနိုင်ငံသည် တတိယနှင့် ဥရောပနိုင်ငံများတွင် အများဆုံးဖြစ်ပွားသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက စတုတ္ထအများဆုံး ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ထိုင်းနိုင်ငံသည် ယမန်နှစ်က ရောဂါကူးစက် ဖြစ်ပွားမှု မများလှသော်လည်း ယခုအခါတွင် စိုးရိမ်ဖွယ်ရာ အခြေအနေရှိပြီး မြန်မာနိုင်ငံထက် ပိုမိုဖြစ်ပွားနေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က တစ်နေ့တည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်မြင့်မားခဲ့ပြီး တစ်နေ့တည်း ရောဂါကူးစက်ဖြစ်ပွားသူ တစ်သောင်းကျော်နှင့် တစ်နေ့တည်း သေဆုံးသူ ၁၆၀ ကျော်ရှိသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်က နေ့စဉ် ဖြစ်ပွားသူ ဆယ်ဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းရှိရာမှ ယမန်နှစ် ဩဂုတ်လ လယ်ခန့်မှစ၍ ဖြစ်ပွားသူပျမ်းမျှ ထောင်ဂဏန်းနှင့် သေဆုံးသူ ဆယ်ဂဏန်း ရှိခဲ့သည်။ ထို့နောက် ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်ကျဆင်းလာခဲ့ပြီး ယခုတစ်ဖန် မေလကုန်မှစတင်၍ ရောဂါကူးစက်ဖြစ်ပွားမှု တစ်စတစ်စမြင့်တက် လာခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောဂါဖြစ်ပွားသူ ထောင်ဂဏန်းဖြင့် တစ်ရက်နှင့်တစ်ရက် များပြားလာပြီး သေဆုံးသူ ဆယ်ဂဏန်းမှ ဇူလိုင် ၇ ရက် နေ့တွင် သေဆုံးသူ ၅၇ ဦးရှိလာသည်။ ကူးစက်ဖြစ်ပွားသေဆုံးနှုန်း ဂရပ်အခြေ အနေအရ ယခုလနှင့်လာမည့်လများတွင် ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှု ပိုမိုမြင့်မားလာ နိုင်သည့် သဘောရှိနေသည်။

ထို့ကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်နေသော မြို့နယ်များအား နေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိမြို့နယ်နှစ်မြို့နယ် ကိုလည်း နေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို ပြည်သူများအနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် အရေးကြီးသည်။

ယခုအခါတွင် ရောဂါဖြစ်ပွားကူးစက်မှုအခြေအနေမှာ ယခင်က လူဦးရေ အများဆုံးဖြစ်သော ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပွားပြီး နယ်မြို့များတွင် အနည်းငယ်ဖြစ်ပွားခဲ့ရာမှ ယခုအခါတွင် နယ်မြို့များတွင် အများဆုံးဖြစ်ပွားပြီး ရန်ကုန်မြို့တွင် သင့်တင့်သလောက်ဖြစ်ပွားနေသည်။ နယ်မြို့များတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ်ချက်များရှိနေပြီး ရန်ကုန်မြို့တွင် ရောဂါကာကွယ်။ ထိန်းချုပ်၊ ကုသရေးအတွက် အသင့် ပြင်ဆင်ဆောင်ရွက်ထားသည်။

လူတိုင်းကိုယ်စီအနေဖြင့် ရှေးဦးအကာအကွယ်အဖြစ် မျက်နှာ၊ ပါးစပ်၊ နှာခေါင်းစည်း အကာအကွယ်များ တပ်ဆင်ထားရမည်ဖြစ်ပြီး အများသူငါတို့နှင့် ခပ်ဝေးဝေးနေရန်နှင့် မကြာခဏ လက်ကိုဆေးကြော ပေးရန် လိုအပ်သည်။

ယခုရောဂါအခြေအနေမှာ ယခင်ထက် ကူးစက်မှု ၁၀ ဆမြန်သဖြင့် အထူး သတိပြုရမည်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး အဓိကတိုက်ခိုက်သောနေရာသည် အဆုတ်ဖြစ်၍ အသက်ရှူလမ်းကြောင်းသို့ မဝင်ရောက်ရေး အထူးသတိထားရ မည်ဖြစ်သည်။ ပတ်ဝန်းကျင်၌ ဗိုင်းရပ်စ်ပိုးရှိနိုင်ရာတွင် အကာအကွယ်ဖြင့် တားဆီးနိုင်ပြီး အကယ်၍ အသက်ရှူလမ်းကြောင်းမှ ဝင်ရောက်သည်ဟု သံသယ ရှိပါက ကနဦးတွင် လည်ချောင်းအတွင်း ရက်အနည်းငယ်နေပြီးမှ အဆုတ်သို့ ပိုးရောက်သဖြင့် ကျန်းမာရေးပညာရှင်များ၏ လမ်းညွှန်ချက်ဖြင့် စောစောစီးစီး တိုက်ဖျက်ကြရန် လိုအပ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ အရှိန်အဟုန်ဖြင့် ပြန်လည်ဖြစ်ပွား လာနေသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်ကိုမိမိ ကျန်းမာရေးအသိဖြင့် အထူးဂရုစိုက်ခြင်းဖြင့် ရောဂါကူးစက် ဖြစ်ပွားမှုကို တားဆီးကာကွယ်ထားနိုင်ရေး ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။ ။