Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ စ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ ပညာရေးမြှင့်တင်မှု ကော်မတီ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ သက်တမ်းကို  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့၏ သက်တမ်းကို  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကော်မတီတို့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှ စ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်မည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

 ဆက်လက်၍ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ၏  နန်းယွန်းမြို့နယ်ရှိ ပြည်သူများ လူနေမှုဘ၀ တိုးတက်မြင့်မားလာစေရန် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ပေးမည့် အစီအမံများအား သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက  မြန်မာ-အိန္ဒိယ နယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်းနှင့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေးနည်းလမ်းကို နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်းအတည်ပြုပြီးပါက အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး ၏ မြေယာလျော်ကြေး ပေးအပ်ရန် ကတိပေး ညှိနှိုင်းထားသည့်အတိုင်း တိကျသည့်အချိန် သတ်မှတ်ပေးပါရန်နှင့် ပြန်လည် နေရာချထားရေး လျော်ကြေးနစ်နာကြေး ပေးအပ်ရေးကို တိကျခိုင်မာပြီး မျှတသော မူဝါဒဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက လွှတ်တော်ကိုယ်စားလှယ် ရည်ညွှန်းပြောဆိုခဲ့သည့် မြေသည် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာနက ၁၉၄၀ -၁၉၄၅ ခုနှစ်တွင် အစားထိုး လျော်ကြေးပေးသိမ်းယူခဲ့သည့် မြေများဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုအခါတွင် မူလသိမ်းဆည်းခံ တောင်သူများနှင့် ဆက်ခံခွင့်ရှိသူများက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုကို  ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ပြန်လည်တောင်းခံ နေသဖြင့်  စိစစ်နေရသည့် အမှုများ ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော် နေသည့် စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ စီမံကိန်းအောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိပြီး စီမံကိန်းဧရိယာအတွင်းမှ မလွတ်ကင်းသည့် အိမ်ထောင်စုများကို မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးနှင့် လူမှုရေးအရ ထောက်ပံ့မှုများကို အဆင့်အလိုက် ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 သို့ပါ၍ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက  လွှဲပြောင်းပေးထားသည့် မြေနှင့် လက်ရှိ အသုံးချပြီး ကျန်ရှိနေသည့်မြေများကို သီလဝါအထူး စီးပွားဇုန်စီမံခန့်ခွဲမှု ကော်မတီက နောက်ထပ် ပြောင်းရွှေ့လာမည့် အိမ်ထောင်စုများအတွက် ဆက်လက်နေရာချထားပေးရန် ရည်ရွယ်ပါကြောင်း၊  ယင်းကိစ္စကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စိစစ်နေဆဲဖြစ်ပြီး စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် အဆိုပါကော်မတီ၏ အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆော မဲဆန္ဒနယ်မှ ဦးကျော်တင်၏  ဆောမြို့နယ်၊ ရေရှင်ကျေးရွာရှိ ရေရှင်မြောင်း (ငါးရွာမြောင်း)တွင် ကွန်ကရစ်ကျောက်တိုင် (၄)တိုင်နှင့် အစွန်းနှစ်ဖက်ခေါင်း နှုတ်သီး (၂)ခုတို့ကို ရေရှည်ခိုင်ခံ့မည့် ကျောက်တိုင်ကြီးများအဖြစ် အမြန်ဆုံး တည်ဆောက်ပေး နိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါမြောင်းသည် ချီချောင်းမှ ရေသွယ်ယူထားသော မြောင်းဖြစ်ပြီး ပေတိုင် ၉၀၀ ခန့်အကွာ ချီချောင်းနံဘေး ကမ်းပါး၌ လျှိုချောက်အားဖြတ်၍ တည်ထောင်ထားသော ရေသွယ်လျောက် ဖြစ်ပါကြောင်း၊ ရေသွယ်လျောက်၏ ကျောက်စီတိုင် (Pier) ၄ တိုင်အား သံကူကွန်ကရစ် အားဖြည့်၍  ကြံ့ခိုင်အောင် ပြုပြင်ပေးခြင်း၊ ရေသွယ်လျောက်၏ (Flume Abutment) အား ကျောက်စီနံရံအဖြစ် ပြန်လည်ပြုပြင်ပေးခြင်း၊ ရေသွယ်လျောက် (၁၉၅) ပေအား ရေစိမ့်ယိုမှုမှ ကာကွယ်ရန် ကိုယ်ထည်အား Steel Flume  အဖြစ် ပြုပြင်ပေးခြင်း၊ ရေလွှဲရေကာတာ အရှည် (၁၅)ပေ ၃ ခု တည်ဆောက်ပေးခြင်းစသည့် လုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယင်းရေသွယ်လျောက်သည် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တည်ရှိနေသောကြာင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြသော တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်၌ လိုအပ်သော လယ်ယာသုံး စက်ကိရိယာ၊ သွင်းအားစု ဓာတ်မြေဩဇာ၊ လယ်ယာသုံး ပစ္စည်းများကို ပြည်တွင်း၌ပင် စက်ရုံများ တည်ထောင်ကာ ထုတ်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က မြန်မာနိုင်ငံအတွင်း လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်း ပြုနေကြသည့် တောင်သူများအပေါ် အထောက်အပံ့ပေးနိုင်ရေးအတွက် လယ်ယာလုပ်ငန်းခွင်တွင် လိုအပ်သည့် လယ်ယာ သုံးစက်ကိရိယာပစ္စည်းများ၊ သွင်းအားစု ဓာတ်မြေဩဇာစသည့် လယ်ယာသုံးပစ္စည်း များကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးမှုရှိသကဲ့သို့  ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပြည်တွင်းတွင် စက်ရုံများ တည်ထောင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ မြေပုံအား မည်သည့်အချိန်တွင် အတည်ပြုထုတ်ပြန်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က  မြေပုံနှင့်ပတ်သက်၍  လမ်းနယ်နိမိတ်များ၊ မီးရထား လမ်းနယ်နိမိတ်များအား နယ်နိမိတ် သတ်မှတ်ရေးအရာရှိ မိုးကောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူ  သက်ဆိုင်ရာဌာနများက တည်ဆဲ ဥပဒေများနှင့်အညီ အတည်ပြုသတ်မှတ်နိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အတည်ပြုသတ်မှတ်ပြီးပါက  မြေကွက်ဦးပိုင် တစ်ခုချင်းအလိုက် မြို့မြေ ပိုင်ဆိုင်ခွင့်များ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းများ ဆောင်ရွက်၍ နယ်နိမိတ်သတ်မှတ်ရေး အရာရှိထံ မြို့မြေများ စာရင်းမှတ်တမ်းပြုစုရေးဆွဲ၍ တင်ပြဆောင်သွားမည်ဖြစ်ပြီး  အတည်ပြုချက်ရရှိပြီးမှသာ မြေငှားဂရန်များ လျှောက်ထားနိုင်ရေးအတွက်  သက်သေခံ မြေပုံ (မြေစာရင်း ပုံစံ-၁၀၅) နှင့် ဦးပိုင် တစ်ခု၏မြေရာဇဝင် (မြေစာရင်းပုံစံ-၁၀၆)တို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ နိုင်ငံအတွင်းဆောင်ရွက်လျက် ရှိသော သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့၏ အခြေအနေများနှင့်ပတ်သက်ပြီး သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးအောင်ထူးကလည်းကောင်း၊ ကြို့ပင်ကောက် မဲဆန္ဒနယ် မှ ဦးဌေးမင်းသိန်း၏ ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာ အနောက် ဂုမ္မကွင်းကျေးရွာ၊ တောင်သူလယ်သမားများ၏ လယ်များမှကောက်ပဲသီးနှံများ ကျေးရွာ အရောက် သယ်ယူရန် မြို့လယ်ချောင်း ကူးတံတား (ကုန်ထုတ်တံတား) တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)