Skip to main content

ကိုဗစ်-၁၉ တတိယလှိုင်းနှင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့်အလျောက် နိုင်ငံတစ်ဝန်းလုံးတွင် အလေးအနက် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များ နှင့်အညီ ထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင်ရန် လိုအပ်သည် များ၊ လိုက်နာရန် လိုအပ်သည်များနှင့် ဒုတိယအကြိမ်ထပ်မံထိုးနှံရမည့်ကာလတို့ကို တိကျစွာ သိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မှာကြားထားသလို အနယ်နယ်အရပ်ရပ်ရှိ သက်ကြီးဝါကြီးများ၊ ရဟန်းရှင်လူများအပါအဝင် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေသည့် မြင်ကွင်းများကို မီဒီယာများ၌လည်း တွေ့မြင်ကြရသည်။ သို့ရာတွင် အကြမ်းဖက်အဖျက်သမားတို့အဖို့မူ ဤမြင်ကွင်းများသည် ၎င်းတို့မမြင်လို၊ မတွေ့ လိုသည့် မြင်ကွင်းများဖြစ်ပြီး နှောင့်ယှက်ဖျက်ဆီးရမည့် ပစ်မှတ်များအဖြစ် သတ်မှတ်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ ဩဂုတ်လ၁ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးလုပ်ငန်းကို အကြမ်းဖက်သမားကလက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သည်။ ယင်းအကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ကာကွယ်ဆေးထိုးနှံနေသူလေးဦးနှင့် စေတနာ့ဝန်ထမ်းကူညီပေးနေသူ တစ်ဦးကို ထိခိုက် ဒဏ်ရာများရရှိခဲ့ကြသည့်အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိခဲ့သည်။ အလားတူ ဩဂုတ်လ ၃ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် (ကောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေသည့်နေရာကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး၊ ကာကွယ်ဆေး လာရောက်ထိုးနှံသူ တစ်ဦးနှင့် စေတနာ့ဝန်ထမ်းတစ်ဦးတို့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြသည်။ အကြမ်းဖက် အဖျက်သမားတို့က စဉ်းစားတွေးခေါ်မှု အသိဉာဏ်တို့ နိမ့်ကျစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်ခဲ့ကြခြင်းက ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်အတွက် အများပြည်သူ၏အသက်ကို စကေးလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဆိုသည်မှာလည်း ပြည်သူလူထုအတွင်း ထိတ်လန့် ချောက်ချားစေခြင်းနှင့် နိုင်ငံမတည်မငြိမ် ဖြစ်စေခြင်း သက်သက်သာဖြစ်သည်။ စင်စစ်ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံရေးအရောင်အသွေး၊ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်မရွေး ရင်ဆိုင်နေကြရသည့် ရောဂါဖြစ်သည်။ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် လာသည့် အခက်အခဲ၊ အကျပ်အတည်း၊ ဆင်းရဲဒုက္ခအ၀၀တို့ကို အခံစားရဆုံးသောသူတို့မှာ ဝင်ငွေ နည်းပါးသည့် အောက်ခြေလူတန်း စားကို အခံစားကြရဆုံးဖြစ်သည်ကို ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယ လှိုင်းများမှာကတည်းက တွေ့မြင်ခဲ့ကြရသည်။ ပိုမိုဆိုးရွားပြင်းထန် လာသည့် တတိယလှိုင်းတွင်မူ ဆိုဖွယ်ရာမရှိ။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည်သာ ၎င်းတို့အတွက် ကပ်ရောဂါဘေးအန္တရာယ်ဆိုးမှ လွတ်မြောက်ရေး မျှော်လင့်အားထားစရာဖြစ်သည်။ ကပ်ရောဂါကို နိုင်ငံရေးအောက်လုံးထိုးရန် အသုံးချကာ လူ့အသက်များဖြင့် အလျော်အစားလုပ်ရန် အကြံအစည် များကမူ ရက်စက် ယုတ်မာခြင်းပင်ဖြစ်သည်။ ကာကွယ်ဆေးမထိုးရေး ကောလာဟလ မျိုးစုံ ထုတ်လွှင့်ခြင်း၊ သတင်းတု သတင်းမှား အချက်အလက်မှားများ ဖြန့်ခြင်းတို့မှသည် ကာကွယ်ဆေး ထိုးစုရပ်နေရာများကို ဗုံးခွဲတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များမှာ CRPH၊ NUG၊ PDF၊ အကြမ်းဖက်သမားတို့ကို မကောင်းသတင်းနာမည်ဆိုးဖြင့် ကမ္ဘာကျော်စေလိမ့်မည်ဖြစ်သည်။ ကိုဗစ်-၁၉ တတိယလှိုင်းသည် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ ကြောင့်ပိုမိုပြင်းထန်သလို အကြမ်းဖက်အဖျက်အမှောင့်များကလည်း ဝင်ရောက်နှောင့်ယှက်ခဲ့သည်။ မည်မျှပင် ခက်ခဲ ကြမ်းတမ်းပင်ပန်းမှုတို့နှင့် ရင်ဆိုင်ကြရစေကာမူ စည်းလုံးညီညွတ်မှု၊ နားလည်စာနာမှု၊ စိတ်ဓာတ် စေတနာ၊ ကရုဏာတို့ဖြင့် တွဲလက်ညီညာ ဆောင်ရွက်ခြင်းဖြင့် ကျော်လွှားလွန်မြောက် နိုင်ကြမည်သာ ဖြစ်ပါကြောင်း။ ။