လူတစ်ယောက် အသက်ရှင်သန်နေရေးအတွက် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးသည် သူ့တာဝန်နှင့်သူ အရေးကြီးကြသည်။ ထိုအရေး အကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း များတွင် အသက်ရှင်ရေးအတွက် အရေးအပါဆုံး အင်္ဂါအစိတ်အပိုင်းသုံးခုမှာ ဦးနှောက်၊ နှလုံးနှင့် အဆုတ်တို့ဖြစ်သည်။ ထိုသုံးခုတွင် လူ့အသက်ရှင်သန်မှု၊ ရပ်ဆိုင်းမှုအတွက် အဆုတ်ကအဆုံးအဖြတ် ပေးသည်။
ထိုသို့ အရေးကြီးသော်လည်း လူတို့အနေဖြင့် အသက်ရှင်သန်နေရေးအတွက် အဓိကဖြစ်သော အဆုတ်၏အလုပ်လုပ်နေပုံ၊ အဆုတ်ကျန်းမာရေးအတွက် အရေးကြီးပုံတို့ကို သတိမူကြခြင်းမရှိပေ။ နေ့စဉ်အသက်ရှင်ရေးအတွက် အသက်ရှူသွင်းခြင်း အလုပ်ကိုလူတို့သည် အမှုမဲ့အမှတ်မဲ့ ရှူသွင်း ရှူထုတ်ကြသည်။ ဖောင်းခြင်း၊ ပိန်ခြင်း အသက်ရှူနေခြင်းကိုသတိမထားမိကြချေ။ အသက်ရှူ နေခြင်းသည် ခန္ဓာကိုယ်က သူ့အလုပ်သူလုပ်ခြင်းဖြစ်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်အောင်၊ အဆုတ်ကျန်းမာအောင်၊ အဆုတ်အားကောင်းအောင် အစဉ်အမြဲ သတိထားဆင်ခြင် လုပ်ကိုင်ကြရန် လိုအပ်သည်။
အဆုတ်ကျန်းမာရေး၏ အရေးပါပုံကို ယခုကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် လူတိုင်းလူတိုင်း သိရှိနေကြပြီဖြစ်သည်။ လူတိုင်းလူတိုင်း အသက်ဝဝရှူနိုင်ရေး အရေးကြီးလာသည်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဟုဆိုခြင်းထက် မိမိတို့၏အဆုတ် ကျန်းမာ သန်စွမ်း အားကောင်းခြင်း/အားမကောင်း အပေါ်တွင် မူတည်နေပေသည်။ ကိုဗစ် − ၁၉ ရောဂါကြောင့် သေဆုံးသူများသည် ကိုဗစ်ဗိုင်းရပ်စ်ပိုးက အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးလိုက်သဖြင့် အဆုတ်ပျက်ဆီးပြီး သေဆုံးကြခြင်းဖြစ်သည်။ အဆုတ်ကျန်းမာသန်စွမ်းနေလျှင် ခန္ဓာကိုယ်တွင် ရောဂါပိုးဝင်ရောက်သော်လည်း တိုက်ဖျက်ကုသပျောက်ကင်းနိုင်သည်။
ထို့ကြောင့် အဆုတ်ကိုကာကွယ်ရန်၊ အဆုတ်ကျန်းမာရန် လိုအပ်ချက်များကို သိရှိထားရန် လိုအပ်ပေသည်။ အဆုတ်ကျန်းမာရေးထိခိုက်စေသည့် အဓိက အကြောင်းရင်းများတွင် အဆုတ်တွင် တွယ်ကပ်နေသော အချွဲအမှုန်အမွှားများကို မဖယ်ရှားနိုင်ခြင်း၊ မသန့်ရှင်းသောလေကို ရှူရှိုက်ရခြင်း၊ အဆုတ်ကို ပျက်စီးစေသည့် ဆေးလိပ်သောက်သုံးခြင်းတို့ကြောင့် ဖြစ်ရသည်ဟု သိရသည်။ အဆုတ်ကျန်းမာရေး မကောင်းသောလူ၏ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ဝင်ရောက်လာသောအခါ အဆုတ်ကို တိုက်ခိုက်ဖျက်ဆီးသောကြောင့် အသက်ရှူ မဝဖြစ်လာပြီးနောက် အသက်သေဆုံးရသည်အထိ ဖြစ်ကြရသည်။
လူတို့သည် ပတ်ဝန်းကျင်မှ သန့်ရှင်းသောလေ(အောက်ဆီဂျင်)ကို နှခေါင်းမှ ရှူသွင်းပြီး ရှူသွင်း လိုက်သော အောက်ဆီဂျင်ကို အဆုတ်ကလက်ခံပြီးနောက် နှလုံးသွေးမှတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ ၂၄ နာရီပတ်လုံး ဖြန့်ဝေပေးသောအလုပ်ကို မရပ်မနားလုပ်နေရသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေး၊ အဆုတ်အားကောင်းရေးတို့ကို အထူးဂရုစိုက်ရန် လိုအပ်သည်။ သာမန်အားဖြင့် ဆေးလိပ်သောက်သော လူတစ်ယောက်အနေဖြင့် မောပန်းတတ်ခြင်းမှာ အဆုတ် ကျန်းမာရေးမကောင်းသောကြောင့် သို့မဟုတ် အဆုတ်ထိခိုက်ပျက်စီးနေသောကြောင့်ဖြစ်သည်။ ဆေးလိပ်သောက်သောသူ၏ အဆုတ်တွင် နီကိုတင်းအဆီများ စိမ့်ဝင်ပိတ်ဖုံးလာပြီး နောက်ဆုံးတွင် အဆုတ်ကင်ဆာဖြစ်စေနိုင်သည်။ အဆုတ်ကင်ဆာဖြစ်နိုင်သည့် အကြောင်းများတွင် ဆေးလိပ် သောက်ခြင်းသည် ၉၄ ရာခိုင်နှုန်းသေချာနေသည်။
ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း ပတ်ဝန်းကျင်မှ ဆေးလိပ်ငွေ့များကို ရှူရှိုက်မိပါက အဆုတ်ထိခိုက်၊ အဆုတ်ကင်ဆာဖြစ်နိုင်သည်ဟု ကျန်းမာရေးမှ အသိပေးထားသည်။ အဆုတ် ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးခြင်းမှ ကင်းဝေးစေရန်အတွက် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်အောင်၊ မိမိနေထိုင်ရာအခန်းအတွင်း လေဝင်လေထွက်ကောင်းမွန်အောင်၊ မိမိကိုယ်တိုင် ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်သောက်သူများနှင့် ကင်းဝေးနိုင်အောင်၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများ မဖြစ်ပွားအောင် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်ကြရန် အရေးကြီး သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် ဆေးလိပ်သောက်တတ်သူများ၊ ဆေးလိပ်စွဲနေသောသူများအနေဖြင့် ဆေးလိပ်ဖြတ်နိုင်အောင် ကြိုးစားသင့်သည်။
ယနေ့ကာလ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော တတိယလှိုင်း အခြေအနေတွင် ပြည်သူများကြား၌ အောက်ဆီဂျင် ကျဆင်းမှုများဖြစ်ပွားနေ၍ အောက်ဆီဂျင် ရရှိရေး ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ပြည်သူများကြား၌ ဝေဒနာရှင်အများစု သည် အောက်ဆီဂျင်ကျသည့် ပြဿနာများ ကြုံတွေ့နေရခြင်းသည် အဓိကမှာ အဆုတ်ကျန်းမာရေး မကောင်းခြင်း လက္ခဏာဖြစ်နေသည်။ သို့ပါ၍ ပြည်သူများအနေဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားပြီး အဆုတ်အားကောင်းမွန်စေသော လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ သန့်ရှင်းသော လေကို ရှူရှိုက်ခြင်း၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ခြင်း စသည်တို့ကို အလေးထား ဆောင်ရွက်သင့်ပါသည်။
လူတို့၏ပတ်ဝန်းကျင်တွင် အသက်ရှင်သန်ရေးအတွက် အရေးပါသည့် အောက်ဆီဂျင်များ ရှိနေပါလျက် အောက်ဆီဂျင်ကို မရှူရှိုက်နိုင်ခြင်းမှာ အဓိက အလုပ်လုပ်သည့် အဆုတ်ကျန်းမာရေး ချို့ယွင်းခြင်း၊ အဆုတ်ပျက်စီးခြင်းတို့ကြောင့်ဖြစ်ရာ ဆေးလိပ်သောက်သုံးခြင်းကိုရှောင်ရှားပြီး လူတိုင်းလူတိုင်း အဆုတ်ကျန်းမာရေးကို အစဉ်အမြဲသတိရှိရှိဖြင့် ဂရုစိုက်လုပ်ကိုင် ဆောင်ရွက် ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။