Skip to main content

လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်က လွန်စွာအရေးကြီးသည်။ သို့ဖြစ်သည့် အလျောက် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် အလုပ်အကိုင်နေရာ ချထားရေးတို့တွင် ပိုမို၍ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပြုန်းတီးမှုအများဆုံးနှင့် ထိရောက်စွာ မသုံးစွဲနိုင်ဆုံးသော အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ပင် ဖြစ်သည်ဟု သုတေသီတို့က ဆိုကြသည်။

"၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင် စာရင်းအရ အသက် ၅ နှစ်နဲ့အထက် ၈ဒသမ ၁ ရာခိုင်နှုန်းခန့်ဟာ ကျောင်းမနေဖူးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နဲ့ အထက် အရွယ်ရောက်ပြီးသူများထဲမှာ အလယ်တန်းအဆင့်နဲ့ ၎င်း အဆင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်း ရှိပါ တယ်။ နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက် ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ ပညာရည်မြှင့်တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရည်မြှင့်တင်ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင်ရမှာဖြစ်ကြောင်း ပြနေပါ တယ်”ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန် ကို ထမ်းဆောင်ခဲ့သည့် ၆ လပြည့်မြောက်သည့်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည့်အချက်မှာ အထူးဂရုပြုဖွယ်ပင်ဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ အလယ်တန်းအဆင့်နှင့် အောက် ပညာအရည်အချင်း ရှိနေခြင်းနှင့် ၎င်းတို့သည် အသက် ၂၅ နှစ်နှင့်အထက် အရွယ်များ ဖြစ်နေခြင်းတို့က နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်တွင် အားနည်းချက်များ ရှိနေပြီး နိုင်ငံ့အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားထည့် ပြုလုပ်ရေးတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းသွားရန် လိုအပ်နေခြင်း တို့ကို ပြဆိုနေခြင်းပင် ဖြစ်သည်။

ရေရှည်တွင် ပညာတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သလို လတ်တလောတွင် အဆင့်မြင့်ပညာ ရေးအဆင့်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိမလာနိုင် သူများအား အသက်မွေးဝမ်းကျောင်းပညာရေးဖြင့် ပြည်တွင်းပြည်ပကျွမ်းကျင် လုပ်သား ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် လည်းလိုသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံက လိုအပ်သည့် ကျွမ်းကျင်လုပ်သားများတွင် သူနာပြုစုစောင့်ရှောက်ရေး၊ အဆောက်အအုံတွင်း သန့်ရှင်းရေး၊ ဆောက်လုပ်ရေး၊ စက်ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ရေး၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရေး၊ သင်္ဘောဆောက်လုပ်ရေး၊ ကားပြုပြင်ထိန်းသိမ်းရေး၊ လေယာဉ်ကုန်ပစ္စည်းများ တင်ဆောင်ခြင်း နှင့် လေယာဉ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေး၊ ဟိုတယ်ဧည့်ကြိုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့အတွက် ကျွမ်းကျင်အလုပ်သမားများနှင့် အလုပ်ကြီးကြပ် သူများ စသည်တို့ဖြစ်ရာ လုပ်ငန်းနယ်ပယ် အမျိုးမျိုး၊ ကျွမ်းကျင်မှုလိုအပ်ချက်အမျိုးမျိုးတို့ ဖြစ်ကြသည်။ အဆင့် မြင့်ပညာဆက်လက်သင်ယူရန် ခက်ခဲသူများကိုလုပ်ငန်းကျွမ်းကျင်မှု အမျိုးမျိုးဖြင့် နိုင်ငံတကာကျွမ်းကျင်လုပ်သားဈေးကွက်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ပြီး လုပ်သားအတွက်ရော နိုင်ငံအတွက်ပါ အကျိုးပြုနိုင်ကြသည်။

နိုင်ငံဖွံ့ဖြိုးရေးတွင် လူ့စွမ်းအားအရင်းအမြစ်မြေပေါ်မြေအောက် သယံဇာတ၊ ရင်းနှီးမြှုပ်နှံမှု စသည့် အရင်းအမြစ်များ လိုအပ်သည့် အနက် လူ့စွမ်းအားအရင်းအမြစ်သည် စဉ်ဆက်မပြတ် ပြုစုပျိုးထောင် သွားရမည့် အရေးပါဆုံး အရင်းအမြစ်ဖြစ်သည့် အလျောက်အမျိုးသား ရေးတာဝန်အဖြစ် သတ်မှတ်ခံယူကာ မြှင့်တင်သွားကြရမည်ဖြစ်ပါကြောင်း။ ။