Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀)နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက ပြည်ထောင်စုစာရင်းစစ်ချုပ်အနေဖြင့် ယခုထက် ပိုမိုထိရောက်သည့် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်လိုပါက တင်ပြပေးပါရန် အကြံပြုလိုပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာကို အစိုးရအဖွဲ့သို့တင်ပြ၍ ဝန်ကြီးဌာနတစ်ခုချင်း၏ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးပြီး  အရေးယူသင့်သည်ကို ဆက်လက်ဆောင်ရွက်ရန်နှင့် နောင်တွင် အဆိုပါအားနည်းချက်များ မဖြစ်စေရန် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများမှ တာဝန်ယူစေပြီး ၎င်းတို့၏ ကတိကဝတ်များနှင့်တကွ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးပါက ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုနည်းပါး လာပြီး တိုင်းပြည်စီးပွားရေး တိုးတက်မှုအတွက် ပိုမို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကို မဟာဗျူဟာမြောက် တည်ထောင်လုပ်ကိုင်ရာတွင် ငွေကြေးအကျိုးအမြတ် ရရှိမှုတစ်ခုတည်းကို ဦးစားပေးခြင်းမဟုတ်ဘဲ နည်းပညာအတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် မြင့်မားမှုနှင့် လုပ်ငန်းများ အား စနစ်တကျ ထိန်းချုပ်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးအတွက်ပါ ရည်ရွယ်ပြီး ဆောင်ရွက်သင့်သည်ကို အကြံပြုလိုပါကြောင်း၊ ယင်းသို့ မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်မှသာ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု လျော့နည်း၍ နိုင်ငံတော်အတွက် စီးပွားရေး အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ဘဏ္ဍာနှစ်အလိုက် တင်ပြခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည် သုံးသပ်ကြည့်ပါက လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်  အဆိုပါအားနည်းချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် လွှတ်တော်အပိုင်းကလည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထူးအလေးထား၍ ထောက်ပြသင့်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ညွန့်ဝင်းအောင်က ပြည်သူ့တာဝန်ထမ်းဆောင်ရသည့် အစိုးရတစ်ရပ် သည် ပြည်သူ့အကျိုးအတွက် ဘဏ္ဍာငွေများကို စီမံခန့်ခွဲရပါကြောင်း၊ မိမိလုပ်ဆောင်ချက်ရလဒ်အပေါ်တွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အဂတိတရားကင်းစေရန် ကြီးကြပ်စေခြင်းဖြင့်  ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်နိုင်မည့် အစိုးရယန္တရားတစ်ရပ်  တည်ဆောက်ရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

အဆိုပါ အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀)နှင့် စပ်လျဉ်း၍ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးကျော်သောင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှဆန်း၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ပြုံးနှင့် ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာ အားကာမိုး တို့က ဆက်လက် ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းချေးငွေရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က သဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအတိုင်း ရောင်းမည့်အစား ယခုကဲ့သို့ လျှပ်စစ်စွမ်းအင် ထုတ်လွှတ်၍ဖြစ်စေ၊ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေစသည့်ထုတ်ကုန်များ ထုတ်လုပ်၍ဖြစ်စေ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ် ရောင်းချနိုင်မည်ဆိုပါက တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများတိုးတက် ရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ပချေးငွေနှင့် ဂျီဒီပီ အချိုးသည် ၁၄ ဒသမ ၇၃ ရာခိုင် နှုန်းရှိသည့်အတွက် ကြွေးမြီခံနိုင်ရည် အတိုင်းအတာ ရှိသည်ကို သိရှိရပါကြောင်း။

ထို့ပြင် ယခုလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ စီမံကိန်းနှင့်လည်း ကိုက်ညီပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒများနှင့်လည်း ကိုက်ညီသည့်အတွက် ချေးငွေရယူဆောင်ရွက်မည့် ယခုစီမံကိန်းကို ထောက်ခံပါကြောင်း ပြောကြားသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို က စီမံကိန်းကုန်ကျစရိတ် စုစုပေါင်းမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၅ သန်းကုန် ကျမည်ဖြစ်ပြီး EDCF ထံမှချေးငွေ အမေရိကန် ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းနှင့် မြန်မာနိုင်ငံအစိုးရမှ အချို့စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၄၆၈ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေ ထည့်သွင်းဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊  ချေးငွေစာချုပ်ကို ချုပ်ဆိုပြီးသည့် နေ့မှစတင်၍ ၄၈ လအတွင်း အပြီးဆောင်ရွက်မည်ဟု ဖော်ပြထားပါကြောင်း၊ သို့သော် အလားတူ ချေးငှားခဲ့သည့် စာချုပ်များတွင် ရည်မှန်း ထားသည့်အတိုင်း အကောင်အထည်မဖော်နိုင်ခဲ့ခြင်း များစွာရှိနေသေးသည့်အတွက် ယခု စီမံကိန်းကိုလည်း ယခင်ကဲ့သို့ မဖြစ်စေဘဲ သေချာသည့် အစီအမံများကို ကြိုတင် ပြင်ဆင်၍ လျင်မြန်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး က ယခုစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများသိသင့်သည့် သတင်း အချက်အလက်များဖြစ်သော စီမံကိန်းအကောင်အထည်ဖော်မှု အဆင့်ဆင့်နှင့် အချိန်ဇယား၊ အသုံးချမည့် မြေနေရာ၊ စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုး၊ ပိုက်လိုင်းမတော်တဆဖြစ်မှုအတွက် အရေးပေါ်အစီအမံ စသည်တို့ကို ဒေသခံများအတွက် ဆောလျင်စွာ ထုတ်ပြန်ပေးသင့်ပါကြောင်း၊ သို့မှသာ ဒေသခံပြည်သူများ အနေဖြင့် ကြိုတင်တွက်ဆ ပြင်ဆင်ထားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြသကဲ့သို့ ကြိုတင်ပြင်ဆင် ပြုလုပ်ထားရမည့် အစီအမံများကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ထားမည်ဆိုပါက ယခုစီမံကိန်းသည် နောင်အနာဂတ်အတွက် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကျောရိုးပိုက်လိုင်းတစ်ခု ဖြစ်သည့်အပြင် ဒေသ၏ဖွံ့ဖြိုးမှု အတွက် များစွာ လိုအပ်သည့် စီမံကိန်း ဖြစ်သည့်အတွက် ချေးငွေရယူရေးကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက် ဆွေးနွေး ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီ ၁၉ ရက် တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း