"ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့် ပတ်သက်၍ ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများ ပြည့်ပြည့်စုံစုံဖြင့် ဆောင်ရွက်ရန် လိုအပ်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရေးသည် မိမိတို့နိုင်ငံအတွက် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကုန်သွယ်မှုနှင့် ဘတ်ဂျက် လိုငွေများရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ များပြားအောင် ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ပသွင်းကုန်များတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် လိုအပ်သော စက်ယန္တရားများ၊ နည်းပညာမြင့်ပစ္စည်းများ စသည့် မိမိတို့နိုင်ငံတွင် မထုတ်လုပ်နိုင်သေးသည့် ကုန်စည်များ ပါဝင်သလို အချို့သော စားသောက်ကုန်၊ လူသုံးကုန်များမှာ မိမိနိုင်ငံတွင် ထုတ်လုပ်နိုင်စွမ်းရှိသော ကုန်ပစ္စည်းများ၊ ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများလည်း ပါဝင်သည်။ မိမိနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းမျိုးကို ပြည်ပမှ တင်သွင်းလာပါက ပြည်တွင်းထုတ်ကုန်ဈေးကွက်ကို ထိခိုက်စေခြင်းကြောင့် တင်သွင်းမှု ကန့်သက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို အစိုးရများက ပြုလုပ်လေ့ရှိကြသည်။ သို့ဖြစ်ရာ နိုင်ငံခြားသုံးငွေလျှော့ချနိုင်ရေးနှင့် ပြည်တွင်း ထုတ်ကုန်များကို ဈေးကွက်တွင် အကာအကွယ်ပေး နိုင်ရေးတို့ အတွက် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းထုတ်ကုန်များ အရည် အသွေးကောင်းမွန်ရေးနှင့် ဈေးကွက်ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ပြုလုပ်ကြရန်လည်း လိုအပ်သည်။
မိမိတို့နိုင်ငံ၏ ပြည်ပသွင်းကုန်များအနက် အခြေခံစားသုံးကုန် တစ်ခုဖြစ်သော ဆီမှာလည်း ပမာဏကြီးမားသည့် သွင်းကုန်တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆီစားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု ပမာဏစုစုပေါင်းမှာ တန်ချိန် လေးသိန်းခန့်သာ ရှိနေသည်။ ပြည်တွင်းဆီ စားသုံးမှုလိုအပ်ချက်၏ ၆၀ မှ၇၀ရာခိုင်နှုန်း ခန့်အထိကို မလေးရှား၊ အင်ဒိုနီးရှားကဲ့သို့သော စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများ ထံမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စားသုံးဆီအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်တွင်း ဆီစားသုံးမှုပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းရန်အတွက် ဆီအုန်းကဲ့သို့သော ဆီပမာဏအများအပြား ထွက်ရှိနိုင်သည့် နှစ်ရှည် သီးနှံများကို သိပ္ပံနည်းကျစိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည်။ ဆီအုန်းစိုက်ပျိုးရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ဧက ၃၉၁၀၀၀ ကျော် ခွင့်ပြု ပေးထားကြောင်းနှင့် စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ပါက ဆီတန်ချိန် ၄ ဒသမ၅သိန်းခန့် ထွက်ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။ ဆီအုန်းစိုက်ပျိုးရန် မြေဧကများ ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ် စိုက်ပျိုး ထုတ်လုပ်နိုင်သည်နှင့်အမျှ ပြည်တွင်းဆီစားသုံးမှုကို အတိုင်းအတာ တစ်ရပ်အထိ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ရှိနေသည့် ရေ၊ မြေ သယံဇာတများကို အသုံးပြု၍ စိုက်ပျိုးမွေးမြူ ကုန်ထုတ် လုပ်ငန်းများ ဖော်ထုတ်လုပ်ကိုင်ရေး၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် တည်ထောင်ထားပြီး ဖြစ်သော စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံများ လည်ပတ်ထုက်လုပ်နိုင်ရေးတို့ကို အားပေးကူညီ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ပြည်ပ သွင်းကုန်များ လျှော့ချကာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေရ သည့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေမည်ဟု ယုံကြည်ပါကြောင်း။ ။