ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့်မာယာကို ကပ်ရောဂါကူးစက်မှု ပထမလှိုင်းကာလ ကတည်းက သုတေသီတို့တွေ့ရှိ၍ သတိပေးခဲ့ကြသည်။ ယခင်က မဖြစ်ခဲ့ဖူးသည့် ကပ်ရောဂါ အသစ် ဖြစ်ခြင်းကြောင့် ရောဂါ၏ အကြောင်းကို ပြည့်စုံစွာ သိရှိနားလည်နိုင်ရန် လေ့လာရင်း ကပင် ရောဂါပိုးက မျိုးဗီဇအသစ်ပြောင်းကာ နောက်ထပ် အချက်အလက်အသစ်များကိုပါ ထပ်မံလေ့လာနေကြရသည်။ ရောဂါအပေါ် လူသားတို့က လေ့လာနေဆဲမှာပင် ကူးစက်ပျံ့နှံ့မှုများကလည်း ကမ္ဘာ့နိုင်ငံ အသီးသီးတို့မှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ လေးသိန်း နီးပါးခန့် ရှိလာပြီဖြစ်ပြီး ဆေးရုံမှ ပြန်လည်ဆင်းသွားသူပေါင်း သုံးသိန်းခွဲခန့်ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူများမှာ ရောဂါပျောက်ကင်းသွားပြီးနောက်ပိုင်း နောက်ဆက်တွဲ ဝေဒနာများ ခံစားကြရသည့်အပြင် တစ်နှစ်ကျော်ခန့်အကြာတွင် ရောဂါလက္ခဏာအချို့ ပြန်လည်ပေါ်ထွက် လာကြောင်း လေ့လာ တွေ့ရှိခဲ့ရာ ကိုဗစ်၁၉ ရောဂါသည် နာတာရှည်ရောဂါ အသွင်ဆောင်လာ သည့် သဘောပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် နာလန်ထူလာသူများမှာ ရောဂါ မဖြစ်မီက ကျန်းမာရေးအခြေအနေကို ပြန်လည်မရရှိတော့ဘဲ မောပန်းနွမ်းနယ်ခြင်း၊ တစ်ကိုယ်လုံးညောင်းညာခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ မေ့လျော့တတ်ခြင်း၊ ညဘက်တွင် အိပ်မပျော်ခြင်း စသည့်နောက်ဆက်တွဲ လက္ခဏာများကို နာလန်သူ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ခံစားကြရကြောင်း၊ ခံစားရသည့်ကာလမှာ သုံးလခန့် ကြာကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီးနောက် အဖျားကြီးသူများ၊ အောက်ဆီဂျင်ကျခဲ့သူများမှာ အဆုတ်၊ နှလုံးနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခံရပြီး မောပန်းနွမ်းနယ်ကာ ဦးနှောက်နှင့် အာရုံကြောထိခိုက်၍ ခေါင်းအုံခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ် လျော့ကျခြင်း တို့ကို ခံစားကြရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများနှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှု မခံရဘဲ အလားတူရောဂါလက္ခဏာ ခံစားရသူများကို နှိုင်းယဉ် လေ့လာမှုတွင် ကိုဗစ်-၁၉ ကူးစက်ခံရဖူးသူတို့က ကျန်းမာရေးတွင် ပိုမိုဆိုးရွားကြသည်ကို တွေ့ရသည်ဟုဆိုရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် နေထိုင်မှုက မည်မျှအရေးပါသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအဖို့ ဖြစ်ဆဲကာလတွင် အသက် အန္တရာယ် အထိ စိုးရိမ်ရသလို ပြန်လည်ကျန်းမာလာပြီးနောက်တွင်လည်း မူလအတိုင်း အကောင်းပကတိ မဟုတ်တော့ဘဲ စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ ရေရှည်ပြန်လည်ပျိုးထောင်မှု ပြုကြရမှာ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများတွင် အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုရှိသလို ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုမရှိသူများလည်းရှိကြရာ ပြန်လည်နာလန်ထူ ပြီးနောက် တစ်နှစ်ကျော်ခန့်ကြာပြီးမှ ရောဂါလက္ခဏာ ပြန်ပေါ်သူများတွင် ရောဂါဖြစ်စဉ်က ပြင်းပြင်းထန်ထန် မခံစားရသူများလည်း ပါဝင်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများမှာ မိမိတို့၏ ကျန်းမာရေးကို ရေရှည်ပြန်လည်ပြုစုပျိုးထောင်မှု ဂရုပြုဆောင်ရွက်ကြရန် လိုအပ်သည်ဟု အကြံပြုလိုသည်။
ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်နာလန်ထူလာသူများအနေဖြင့် ကျန်းမာရေးထိခိုက်စေသည့် အလေ့အထဟောင်းများဖြစ်သော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာတို့ကို ရှောင်ကြဉ်ပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူရန်၊ အာဟာရပြည့်ဝအောင် စားသောက်ရန်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ရန် (အာနာပါန တရားထိုင်ခြင်းအားဖြင့် အာရုံစူးစိုက်မှုအတွက်ရော အသက်ရှူ လေ့ကျင့်မှုအတွက်ပါ အကျိုးကျေးဇူးရရှိနိုင်သည်။) သင့်တင့်လျောက်ပက်သည့် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပုံမှန် ပြုလုပ်ရန် (နေ့စဉ် ၁ဝ မိနစ်မှ ၁၅ မိနစ်ခန့် မှန်မှန် လမ်းလျှောက်ခြင်းဖြင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပြု နိုင်သည်။)၊ အသက်မှန်မှန် ရှူ၍ အကြောလေ့ကျင့်ရန် စသည့်အချက်များကို လက်တွေ့ပြုလုပ်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားရမှုများမှ သက်သာလျော့ပါးနိုင်မည်ဖြစ်ပါသည်ဟု အကြံပြုအပ်ပါကြောင်း။ ။