Skip to main content

အောင်မြင်တိုးတက်မှုကို အလေးအနက်ရှေးရှု

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ယမန်နှစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရောဂါကူးစက်ဖြစ်ပွားမှု၊ ထိခိုက်မှုနည်းပါးခဲ့သော်လည်း ယခုနှစ် တတိယလှိုင်းဖြစ်ပွားချိန်တွင် ရောဂါကူးစက်မှု၊ ထိခိုက်ပျက်စီးမှု မြင့်မားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မျက်ခြည်မပြတ် အရေးတယူ ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စေတနာရှေ့ထား၍ ဖိဖိစီးစီးဆောင်ရွက်ပေးမှုများ ကြောင့် ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ဟု ဆိုနိုင်ပါသည်။

နေ့စဉ် ရောဂါကူးစက်ဖြစ်ပွားနေသည့် အခြေအနေများအရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း တန်းနေခြင်း၊ ကျလာခြင်းတို့သည် အကောင်းဘက်သို့ရွေ့နေသည့် လက္ခဏာများဖြစ်သည်။ ရက်အလိုက်ထုတ်နုတ်ကြည့်လျှင် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က လူ ၁၅၇၄၀ ကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၄၃၂၀၊ ဇူလိုင် ၁၄ ရက်တွင် လူ ၂၁၃၅၀ ကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၇၀၈၃ တွေ့ရှိခဲ့သဖြင့် ရောဂါကူးစက် မှုနှုန်း ၃၄ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ ယခု သြဂုတ် ၁ ရက်တွင် လူ ၁၀၀၂၀ ကို စစ်ဆေး ပိုးတွေ့လူနာ ၂၁၇၃ ဦးတွေ့ရှိခဲ့ရသဖြင့် ရောဂါဖြစ်ပွားနှုန်းအရ ၂၄ ဒသမ ၁၇ ရာခိုင် နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရသည်။

နိုင်ငံအလိုက်ကြည့်မည်ဆိုလျှင် ယမန်နှစ် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်ပွားစဉ်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တတိယအဆင့်မြင့်မားစွာ ဖြစ်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်သည်။ ယခုနှစ် လက်ရှိအချိန်ကာလဖြစ်ပွားမှုကို ကြည့်မည်ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ အများဆုံးဖြစ်ပွားနေပြီး ဖိလစ်ပိုင်က ဒုတိယ၊ မလေးရှားက တတိယ၊ ထိုင်းက စတုတ္ထ၊ ဗီယက်နမ်က ပဉ္စမနှင့် မြန်မာက ဆဋ္ဌမဖြစ်ပွားလျက်ရှိရာ လက်ရှိကာလတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်သောကြောင့် အလွန်ဆိုးရွားခြင်းမရှိဘဲ အလားအလာကောင်း အရွေ့တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သည့်ရောဂါဆိုင်ရာ ထိန်းချုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာတို့က ဖိဖိစီးစီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများ သိသိသာသာလျော့ကျလာသည်ဟု ဆိုနိုင်သည်။ ထိုသို့တိုးတက်ဖြစ်ပေါ်လာသော အခြေအနေ ကောင်းများကို ရောင့်ရဲတင်းတိမ်မနေဘဲ အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက် ခဲ့သောကြောင့် ယခု ဩဂုတ်လအကုန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုရာခိုင်နှုန်း ထက်ဝက်ခန့်အထိ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။ ရောဂါကူးစက်နှုန်း ကျဆင်းလာရခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်ကွပ်ကဲဆောင်ရွက်မှု၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများ၏ ထက်သန်စွာဆောင်ရွက်ပေးမှုနှင့် ပြည်သူလူထု၏ အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခြင်းကြောင့်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု ကပ်ရောဂါဘေးကင်းဝေးရေးအတွက် ကိုဗစ်-၁၉ တတိယလှိုင်း စိန်ခေါ်မှုကို ကျော်ဖြတ်ရာတွင် အနှောင့်အယှက် အဖျက်အဆီးများကြားမှ ရုန်းကန်ကျော်လွှားလျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်သည်။ ကိုဗစ်ရောဂါကြောင့် အသက်အရွယ်ကြီးရင့်သူများနှင့် ရောဂါအခံကြီးမားသူများ သေဆုံးနှုန်းမြင့်မားသည်ကို တွေ့ရပြီး အသက် ၅၀ အထက် သေဆုံးမှု ၈၀ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။ ကျန်လူအများမှာ ရောဂါကူးစက်သော်လည်း ထိခိုက်ဆုံးရှုံးမှု အလွန်နည်းပါးခဲ့သည်။ ကိုဗစ် ရောဂါကာကွယ်ရေး အဓိကလိုအပ်ချက်မှာ ကျန်းမာရေးစည်းကမ်းများကို လိုက်နာကြရန်၊ ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်ကြရန်နှင့် ကာကွယ်ဆေးထိုးထားရန်တို့ လိုအပ်ပေသည်။

ယခုအခါ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရှစ်သန်းရောက်ရှိခဲ့ပြီးဖြစ်ပြီး ကာကွယ်ဆေး ခြောက်သန်းကို ဦးစားပေးအဆင့်အလိုက် ပြည်သူများအား ထိုးနှံပေးနိုင်ခဲ့သည်။ ဆက်လက်၍ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထပ်မံ ဝယ်ယူရရှိရန်အတွက် မိတ်ဆွေနိုင်ငံများထံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အားသွန်ခွန်စိုက် စေတနာရှေ့ထားဆောင်ရွက် ပေးခဲ့မှုများကြောင့် အောင်မြင်တိုးတက်ဖြစ်ပေါ် လာမှုများကို အလေးအနက်ရှေးရှု အသိအမှတ် ပြုရမည်ဖြစ်ပါကြောင်း။ ။