အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများနှင့်အတူ ကာယကံရှင် အကြမ်းဖက်သမားတို့၏ ဖွင့်ဟဝန်ခံချက်များကိုလည်း ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူတို့ တွေ့မြင်ကြားသိခွင့်ရခဲ့ကြသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများ၊ စေခိုင်းသူများသည် မည်သူမည်ဝါတို့ဖြစ်ကြောင်း၊ မည်သို့ ခိုင်းစေခဲ့သည်။ မည်သို့ကျူးလွန်ခဲ့သည်တို့ကို ၎င်းအကြမ်းဖက်မှုများအား ကာယကံမြောက် ကျူးလွန်ခဲ့သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ အာဏာ လက်လွတ်ဖြစ်ခဲ့ရသည့် နိုင်ငံရေးသမားတို့က တက်ကြွသူ၊ ခံစားချက် ပြင်းထန်သူ၊ စွန့်စားသူလူငယ်တို့ကို နောက်ကွယ်မှ မြှောက်ပင့်ပေး၍လည်းကောင်း၊ လက်နက်ငွေကြေးတို့ ထောက်ပံ့ပေး၍လည်းကောင်း၊ အသိမှား အမြင်မှားတို့ဖြင့် ဝါဒမှိုင်းတိုက်၍လည်းကောင်း နည်းအမျိုးမျိုးသုံးကာ ၎င်းတို့၏ နိုင်ငံရေးလိုဘများအတွက် လူငယ် လူရွယ်များကို စတေးခဲ့ကြခြင်း ဖြစ်သည်။
အကြမ်းဖက်မှုများအတွင်း ဖမ်းဆီးခံရသူ အများစုမှာ လူငယ်များ ဖြစ်ကြသည်။ သူတို့သည် ငယ်ရွယ်နုပျိုသူများ၊ ခွန်အားဉာဏ်အား ကို ပြည့်ဖြိုးသည့် တက်လူအရွယ် အနာဂတ်နိုင်ငံ အတွက် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ဖြစ်လာသင့်သူများ ဖြစ်သော် လည်း လူလည် နိုင်ငံရေးသမားတို့၏ အသုံးချခံများ ဖြစ်သွားကြရသည်။ အကြမ်းဖက်သမားများဘဝသို့ ကျရောက်သွားကြရသည်။ ကျောင်းသားအရွယ်၊ လုပ်ငန်းခွင်ဝင်ရောက်ရမည့်အရွယ် လူငယ်တို့မှာ သွေးစွန်းသည့်လက်များနှင့် လူသတ်သမားများ ဖြစ်သွားကြသည်။ နောက်ကွယ်မှ ခိုင်းစေမှုကြောင့် သူတို့ကိုယ်တိုင် သတ်ဖြတ်ခဲ့သူများသည် သူတို့ကိုယ်တိုင်သိသူများမဟုတ်။ ရန်ဘက်များလည်း မဟုတ်။ သို့သော် ခိုင်းစေသူတို့က ဤသူသည် သူလျှိုဖြစ်ကြောင်း၊ ဒလန် ဖြစ်ကြောင်းပြောပြီး ငွေစကြေးစ အနည်းငယ်နှင့် လက်ထဲသို့ လူသတ်လက်နက်ကို ထည့်ပေးလိုက်ပြီး ညွှန်ကြားစေခိုင်းခဲ့ကြခြင်းဖြစ်သည်။
ကြီးမားသည့် ရာဇ၀တ်မှုဖြစ်သော ကြိုတင်ကြံစည်လူသတ်မှုများကို တော်လှန်ရေး၏ လုပ်ငန်းစဉ်အဖြစ် လှည့်စားကာ လူငယ်များကို လိမ်ညာခိုင်းစေခဲ့ကြသူများတွင် နိုင်ငံရေး သမားများသာမက တိုင်းပြည်ဖျက်၊ ပြည်ပလက်ဝေခံ မီဒီယာများလည်း ပါဝင်ကြသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ အာဏာပြန်လည်မရရှိနိုင်ပါက နိုင်ငံကို အလုံးစုံ ပျက်စီးစေရေး ဖြစ်သည်။ ကုလသမဂ္ဂ သို့မဟုတ် ပြည်ပတပ်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာစေရေး နှပ်ကြောင်းပေး ဝါဒဖြန့်မှုများ၊ ပြည်တွင်းစစ်မီး တောက်လောင်စေရေး တို့မီးရှို့မီး လုပ်မှုများ၊ တပ်မတော်ပြို ကွဲပျက်စီးရေး လုပ်ကြံဖန်တီးမှုများ၊ မြန်မာ နိုင်ငံတွင်လူအများစု ယုံကြည်ကိုးကွယ်သည့် ဗုဒ္ဓဘာသာကိုတိုက်ခိုက် မှုများအားလုံး၏ ဦးတည်ချက်မှာ မြန်မာနိုင်ငံ အလုံးစုံပျက်စီးစေရေးပင်ဖြစ်ပြီး ပြာကျသွားသည့် နိုင်ငံဘဝတွင် အာဏာပြန်ရမည်ဟူသော အတွေးအခေါ်မျိုးများကိုပင် တွေ့မြင်ရသည်။
ယခုအခါ မြို့ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ပက်သက်နေသူများ၊ အကြမ်းဖက်အုပ်စုများ၊ လက်နက်ခဲယမ်း များ စသည်တို့ကို ပြည်သူတို့၏သတင်းပေးမှု၊ အကြမ်းဖက် တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်မှုများနှင့်အတူ ဆက်တိုက်ဆိုသလို ဖော်ထုတ် လျက်ရှိသည်။ တစ်ဖက်မှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏မီဒီယာများကလည်း ပြည်သူလူထုအတွင်း တပ်မတော် မုန်းတီးရေး၊ တပ်မတော်ပြိုကွဲရေးတို့ကို အဓိကပစ်မှတ် ထားကာ ကြိုးပမ်းလျက်ရှိနေသည်။ တပ်မတော်ကို ရင်ဆိုင်မတိုက်ရဘဲ အနိုင်ရရေးအတွက် စိတ်ကူးယဉ်မှုဖြင့် အားထုတ်မှုများမှာ နိုင်ငံပြိုကွဲပျက်စီးရေးဟူသော စေတနာဆိုးနှင့်အတူ မလွဲမသွေ ကျဆုံးမည်သာ ဖြစ်ပါကြောင်း။ ။