Skip to main content

ပိုမိုဂရုပြု ရှောင်ရှားရမည့် ဗိုင်းရပ်စ် မျိုးဗီဇကွဲ ဒယ်လ်တာ

ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်းတိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်တိုက်တွန်းထားသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၈-၈-၂၀၂၁ ရက်နေ့ စစ်ဆေးခဲ့သည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲ သော ပိုးတွေ့သူ ၁၅ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ၁၅ ဦးသည် နေပြည်တော်မှ ငါးဦး ရန်ကုန်မှ နှစ်ဦး မန္တလေးမှ နှစ်ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့ တို့မှ တစ်ဦးစီဖြစ်ကြောင်း ပါရှိသည်။ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ဒယ်လ်တာ မျိုးစိတ်ကို ဩဂုတ်လ ၂၈ရက်နေ့ တစ်နေ့တည်းတွင် စစ်ဆေးချက်အရ ဓာတ်ခွဲအတည်ပြု လူနာ ၁၅ ဦးဖြစ်ရာ မိမိတို့ နိုင်ငံအတွင်း မည်သည့် အချိန်က စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ကို ဆက်လက်လေ့လာရန် လိုအပ်နေဦးမည် ဖြစ်သည်။ အထူးသဖြင့် ရောဂါကူးစက်မှု ရုတ်တရက်မြင့်မားလာခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာများ၊ သေဆုံး လူနာများ အရေအတွက်မြင့်တက်ခဲ့သည့် ကိုဗစ်-၁၉ တတိယလှိုင်း သည် ဒယ်လ်တာမျိုးစိတ်ကြောင့် မဟုတ်သေးဘဲ မူလကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကြောင့်သာ ဖြစ်သည်ဆိုပါကယခုနိုင်ငံအတွင်း ဝင်ရောက်လာပြီဖြစ်သည့် ဒယ်လ်တာမျိုးဗီဇကွဲ ဗိုင်းရပ်စ်ပိုးမှာ လွန်စွာကြောက် မက်ဖွယ်ကောင်းသည့်အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ် သည်။

SARS-CoV-2 ဗိုင်းရပ်စ်၏ B.1.617.2. မျိုးကွဲ ဒယ်လ်တာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ထံ၌ စတင်တွေ့ရှိခဲ့ပြီးနောက် အလျင်အမြန်ကူးစက်ကာ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့တွင်လည်း အဓိကလွှမ်းမိုးနေသည့် ဗိုင်းရပ်စ်မျိုးကွဲဖြစ်သည်။ ဗြိတိန်တွင် တွေ့ရှိခဲ့ သည့် အယ်လ်ဖာဟူသော ဗိုင်းရပ်စ်မျိုးကွဲက မူလကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးထက် ၅ဝ ရာခိုင်နှုန်း ပိုမိုကူးစက်မှုမြန်ပြီး ဒယ်လ်တာက အယ်လ်ဖာထက် ၅ဝ ရာခိုင်နှုန်းပို၍ မြန်သည်ဟုဆိုသည်။ ဒယ်လ်တာ သည် စတင်တွေ့ရှိခဲ့ချိန်မှစလျှင် ကိုးလခန့်မျှ အချိန်အတွင်း ကမ္ဘာ့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံသို့ ပျံ့နှံ့ကူးစက်သွားပြီဖြစ်သည်။ ထို့ပြင် ဒယ်လ်တာသည် အယ်လ်ဖာဗိုင်းရပ်စ်ထက် ဆေးရုံတက်ရောက် ရသည့်နှုန်း ပိုမိုမြင့်မားပြီး ရောဂါဝေဒနာခံစားရမှုလည်း ပိုမိုပြင်းထန်သည်။ အင်္ဂလန်နိုင်ငံ၏ အတွေ့အကြုံအရ ဖိုင်ဇာနှင့် မော်ဒါးနားတို့ ကဲ့သို့သော ကာကွယ်ဆေးများ အပြည့်အဝ ထိုးထားပြီးသူများ ကူးစက်ခံရကြောင်း၊ သို့ရာတွင် ကာကွယ်ဆေးထိုးပြီးသူတို့က လုံးဝ မထိုးထားရ သေးသူများထက်စွမ်းဆောင်ရည်ပိုမိုကြောင်း သိရသည်။

ထူးခြားချက်မှာ တစ်ခါတစ်ရံ ရောဂါလက္ခဏာ မပြသလို နှာခေါင်းတို့ဖတ်ယူရာတွင်လည်း Negative ကိုသာ အပြများကြောင်း၊ ဓာတ်မှန်ရိုက်ကြည့်မှသာ နမိုးနီးယားအဆုတ်ရောင် အပျော့စားကိုတွေ့ရကြောင်း၊ အဆုတ်ကို တိုက်ရိုက်တိုက်ခိုက်ပြီး သေနှုန်းပို၍ များကြောင်း လေ့လာတွေ့ရှိထားကြသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူများရော မထိုးရသေးသူများပါဒယ်လ်တာကို ပို၍သတိထားကြရန် လိုအပ်လာသည်။ ပါးစပ်၊ နှာခေါင်း စည်းကို နှစ်ထပ်တပ်ရန်၊ လူစုလူဝေးရှောင်ရန် တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး ခြောက်ပေခွာ၍နေရန် လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် မကြာမကြာ ဆေးကြောရန်ဟူသော အခြေခံအချက်များကို မပျက်မကွက် ဆက်လက်၍ အလေးအနက် လိုက်နာကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။