Skip to main content

ရှေးဦးပြုစုသူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှာ မွေးထုတ်ထား

ရှေးဦးပြုစုခြင်းဟူသည် မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ရောဂါတစ်စုံတစ်ရာကြောင့် ဖြစ်စေ လတ်တလောပြုစုစောင့်ရှောက်ပေးရန် လိုအပ်နေသော လူနာကို ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်ထံမရောက်မီ အရေးပေါ်ပြုစု စောင့်ရှောက်ပေးခြင်းဖြစ်သည်။ ပြုစုစောင့်ရှောက်ပေး သူသည် ဆရာဝန်မဟုတ်သော်လည်း ရှေးဦးပြုစုခြင်းအတတ်ပညာကို သင်ကြားတတ်မြောက် ထားသူဖြစ်ပြီး လူနာကို အခြေအနေ ပိုမိုဆိုးရွားမသွားစေရန်၊ ဝေဒနာခံစားနေရမှု လျော့ပါး သက်သာနိုင်စေရန် ပြုစုပေးနိုင်သလို တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုပင် ကယ်ဆယ် နိုင်ကြသည်။ လူနာကို ဆရာဝန်ထံ လွှဲအပ်မပေးနိုင်သေးမီတွင် လိုအပ်သလို ပြုစုပေးရသည့် အတွက် လက်တွေ့သင်ကြားလေ့ကျင့်ကျွမ်းကျင်ထားရန် လိုအပ်သော အတတ်ပညာဖြစ်ရာ ရှေးဦး ပြုစုခြင်းအတတ်ပညာကို လူတိုင်းသင်ကြားထားရန်လိုအပ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရမှုများ သောင်းနှင့်ချီ၍ ဖြစ်ပေါ်လျက်ရှိရာ မိမိတို့မျက်စိရှေ့မှောက်တွင် လည်း ထိုသို့သော အခြေအနေမျိုးကို တစ်ချိန်မဟုတ် တစ်ချိန်တွင် တွေ့ရှိနိုင်ကြသည်။ ရုတ်တရက်နှလုံးဖောက်၍ လဲကျသွားသူ၊ ဓာတ်လိုက်၍မေ့မြောသွားသူ၊ အကြောတက်ရောဂါကြောင့် တက်နေသူ၊ ထိခိုက်မှုကြောင့် သွေးအလွန်ထွက်နေသူ၊ အရိုးကျိုးသွားသူ၊ အက်စစ်၊ အပူလောင်ကျွမ်းခံရသူ၊ ရေနစ်သူ၊ မြွေကိုက်ခံရသူစသည် စသည်ဖြင့် ရှေးဦးပြုစုမှု လိုအပ်နေသူများကို ပြုစုပေးနိုင်ရန်မှာ ရှေးဦးပြုစုခြင်းအတတ်ပညာကို နားလည်တတ်ကျွမ်းထားရန်လိုအပ်သည်။ လဲကျနေသည့်လူနာ၏ နှလုံးနှင့်အဆုတ်တို့ အလုပ်လုပ်လာစေရန် မည်သို့ပြုစုပေးမည်၊ သွေးအထွက်လွန်နေသူ သွေးတိတ်အောင် မည်သို့ပြုစုမည်၊ အရိုးကျိုးနေသူကို မည်သို့စည်းနှောင်ပေးမည်။ ရေနစ်သူ၊ မြွေကိုက်ခံရသူကို မည်သို့ ရှေးဦးပြုစုမည်တို့ကို သိရှိကျွမ်းကျင်ပြီး လူနာကိုစောင့်ရှောက်မှုပေးခြင်းဖြင့် ဆရာဝန်ထံ ရောက်ရှိသည့်အခါ လူနာကို အချိန်မီကယ်ဆယ်နိုင်သည့် အခွင့်အလမ်း များပြားမည်ဖြစ်သည်။

ရှေးဦးပြုစုခြင်းသည် ပြုစုပေးသူ၏ ဆင်ခြင်တုံတရား၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ ပေါင်းစပ်နေသည်ဖြစ်ရာ ကျောင်းသားအရွယ် ငယ်စဉ်ကပင် ပုံမှန်လေ့ကျင့်သင်ကြားပေးထား သင့်သလို စက်ရုံ၊ အလုပ်ရုံများနှင့် ရပ်ရွာများတွင်လည်း လေ့ကျင့်သင်ကြား ပေးထားရန် လိုအပ်သည်။ မတော်တဆထိခိုက်မှုနှင့် အရေးပေါ်လူနာတို့မှာ အချိန်နေရာမရွေး ဖြစ်ပေါ်နိုင်ခြင်းကြောင့် ရှေးဦးပြုစုခြင်း အတတ်ပညာ ကျွမ်းကျင်တတ်မြောက်သူများ လေ့ကျင့်မွေးထုတ် ထားရန်လိုအပ်သည်။ လူသားအကျိုးပြု မွန်မြတ်သောအလုပ်နှင့် အတတ်ပညာကို လူငယ်များအား လေ့ကျင့်သင်ကြား ပေးထားခြင်းအားဖြင့် လူငယ်များ၏ အချိန်ကို အကျိုးရှိစေပြီး မကောင်းသည့် အကျင့်များနှင့် လမ်းမှားသို့ ရောက်မသွားစေရန်လည်း ထိန်းကျောင်း ပြီးသားဖြစ်စေသည်။ သို့ဖြစ်၍ ကျောင်းများနှင့်ရပ်ရွာများတွင် ရှေးဦး ပြုစုခြင်း သင်တန်းအဆင့်ဆင့်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ပညာရေးဌာန၊ မြို့နယ်၊ ရပ်၊ ကျေး တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခါအခွင့်သင့်သည့်အခါ ဖွင့်လှစ်နိုင်ရန် တိုက်တွန်းလိုသည်။

နှစ်စဉ် စက်တင်ဘာ ၁၁ ရက်သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဖြစ်သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ရှေးဦးပြုစု သူရဲကောင်းများ၊ ကျောင်းနှင့်ရပ်ရွာမှာ မွေးထုတ်ထား”ဟူ၍ ဖြစ်သည်။ ရှေးဦးပြုစု သူရဲကောင်းများ အများအပြားရှိနေသည့် နေရာများသည် လူမှုကူညီ ကယ်ဆယ်ရေးအတွက် တန်ဖိုးကြီးသည့် အရင်းအမြစ်များ တည်ရှိနေခြင်းပင်ဖြစ်ရာ ရှေးဦးပြုစုသူရဲကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းနိုင်ပါစေကြောင်း။ ။