Skip to main content

အကြမ်းဖက်ဝါဒ အမြစ်မတွယ်စေရေး ပြည်သူ့အားဖြင့် ပါဝင်တိုက်ဖျက်

 

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG က စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ဟုဆိုသည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် အကြမ်းဖက် အဖွဲ့ဖြစ်သည့် PDF ကလည်း ၎င်း၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်လာခဲ့သည်။ ထုတ်ပြန်ချက်တွင် ပါရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိက ထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန်၊ အုပ်ချုပ်ရေးမှူးများ အလုပ်မှ ချက်ချင်းနုတ်ထွက်ရန်၊ ပြည်သူများမလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ရန်နှင့် ဝန်ထမ်းများ ရုံးမတက်ရန်ဟူသော အချက်များက အများပြည်သူနေထိုင်ရာ ရပ်ရွာများနှင့် စစ်ရေး၊ နိုင်ငံရေးတို့နှင့် နီးစပ်မှုမရှိသည့် သာမန်ပြည်သူများကို ထိတ်လန့် ချောက်ချားစေရန်အတွက် အဓမ္မခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။

 

NUG ၏ ကြေညာချက်နောက်တွင် ဒေသအလိုက် PDF အမည်ခံ ထားသည့် အကြမ်းဖက်အဖွဲ့များက ကောင်းရောင်းကောင်းဝယ် ကုန်စည်ကူးသန်းရောင်းချမှုများကို ခြိမ်းခြောက်တားဆီးခြင်း၊ CDM မပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်လာကြသလို အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသက်ဖြတ်မှုများလည်း ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရသည်။ အဖျက်အမှောင့်များ အရှိန်မြှင့်လုပ်ဆောင်လာကြခြင်း၏ ရည်ရွယ်ချက်မှာ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံနှင့် အချိန်ကိုက်၍ မြန်မာနိုင်ငံတွင် နိုင်ငံအနှံ့အပြား တည်ငြိမ်မှုပျက်ပြားပြီး ပြည်တွင်းစစ် ဖြစ်နေသယောင် ပုံဖော်ရန်အတွက်ပင် ဖြစ်သည်။ ၎င်းအဖွဲ့များ အနေဖြင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ကပ်စခန်းများကို ကိုက်ခိုက်မှုထက် စစ်ဘက်နှင့် သက်ဆိုင်ခြင်း မရှိသော အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက် ဖျက်ဆီးမှုများ စုစုပေါင်း ထောင်နှင့်ချီ၍ တိုက်ခိုက်ခဲ့ကြသည်။ ရဟန်းသံဃာများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ ဒဏ်ရာရ သေဆုံးခဲ့ရသည်။ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

 

NUG ၏ မဆင်မခြင် ထုတ်ပြန်လိုက်သည့် ကြေညာချက်ကို ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီး နိုင်ငံတကာကလည်း လက်မခံသည့်သဘောထားများကို ပြသခဲ့ကြသည်။ နိုင်ငံရေး ရည်မှန်းချက် ရရှိအောင်မြင်နိုင်ရေး အတွက် အကြမ်းဖက်ဝါဒကို ကျင့်သုံးခဲ့ကြသည့် အဖွဲ့အစည်းများ အောင်မြင်မှုမရရှိကြောင်းကို ခေတ်သစ်ကမ္ဘာ့သမိုင်း ဖြစ်စဉ်များတွင် နမူနာတွေ့ရှိနိုင်သည်။ ပြည်တွင်း၌လည်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ပြည်သူလူထုကို ထိခိုက်နစ်နာဆုံးရှုံးမှု ကြီးမား စေသည့်အလျောက် ပြည်သူလူထု၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်လာကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရသည့်အတွက် လူမှု စီးပွားဘဝများ အခက်အခဲအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် အကြမ်းဖက်ခြိမ်းခြောက်မှု များက ဘူးလေးရာ ဖရုံဆင့်လာစေသည်။ တစ်ပူပေါ်တွင် နှစ်ပူဆင့်စေသည်။

 

အကြမ်းဖက်ဝါဒကို ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်း၊ လူမှုအဖွဲ့အစည်းတို့က လက်မခံ။ နိုင်ငံတကာတွင် ပြတ်ပြတ်သားသား အရေးယူတုံ့ပြန်ကာ အကြမ်းဖက်ဝါဒကို အမြစ်ပါမကျန် ဆွဲလှန် နုတ်ပယ်ကြသည်။ မိမိတို့နိုင်ငံတွင်လည်း အကြမ်းဖက်ဝါဒကို အမြစ်တွယ်မလာစေရေးအတွက် တိုက်ဖျက်ရာတွင် ပြည်သူများက ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းပြီး မိမိတို့၏ လူမှုစီးပွားဘဝများကို လုံခြုံငြိမ်းချမ်းစွာ တည်ဆောက်နိုင်ကြမည်ဖြစ်ပါကြောင်း။ ။