Skip to main content

နေပြည်တော် စက်တင်ဘာ ၁၄

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၅၄) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ကော်မရှင် အစည်းအဝေး (Commission for East Asia & Pacific(CAP)54th Meeting) နှင့် (၃၃) ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေး 33rd Commission for East Asia & the Pacific (CAP)-Commission for South Asia (CSA) Joint Meeting အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Virtual ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Online မှ ပါဝင်တက်ရောက်သည်။

အစည်းအဝေးများသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၏ အရှေ့အာရှနှင့်ပစိဖိတ် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးများတွင် မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်း၊ အနုပညာနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ Deputy Secretary General ဖြစ်သူ Mr. Mohd Zamri bin Mat Zain က သဘာပတိအဖြစ် ဆောင်ရွက်ကာ မော်လ်ဒိုက်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး H.E Dr. Abdulla Mausoom က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြ ပြီး (၅၄) ကြိမ်မြောက်အရှေ့အာရှနှင့် ပစိဖိတ်ကော်မရှင် အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေညီလာခံကျင်းပရေး အဖွဲ့အစည်းများအား သတ်မှတ်ခြင်းနှင့် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကျင်းပမည့် တရားဝင်အိမ်ရှင်နိုင်ငံအား ရွေးချယ်ခြင်း တို့ ဆောင်ရွက်ကြပါသည်။

ဆက်လက်၍ (၃၃) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ကော်မရှင်နှင့် တောင်အာရှ ကော်မရှင် ပူးတွဲအစည်းအဝေးကို ကျင်းပရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ကပ်ရောဂါအလွန်တွင် ဆောင်ရွက်သင့်သည့် လုပ်ငန်း များနှင့် အထူးသဖြင့် ကျေးလက်အခြေပြုခရီးသွားလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို ဆွေးနွေးတင်ပြပြီး နောက် အဖွဲ့ဝင်နိုင်ငံများက နည်းပညာ အထောက်အပံ့ပေးရေး ဆိုင်ရာစီမံကိန်းအခြေအနေ၊ ကမ္ဘာလှည့်ခရီးသွားများကို အကာအကွယ် ပေးရေးဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ် (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုများမှ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက် အခြေအနေများကို ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် UNWTO အဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီ အခြားနိုင်ငံများနှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဆိုးရွားစွာ ထိခိုက်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကိုဗစ်-၁၉ ကြောင့်  ထိခိုက်ခဲ့သော စီးပွားရေး လုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်တွင် Myanmar Economic Recovery Plan ကို ရေးဆွဲခဲ့ပြီး စီးပွားရေးဆိုင်ရာ အထောက်ပံ့များကိုလည်း အကူအညီ ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် UNWTO ၏ Guide Line များနှင့်အညီ Myanmar Tourism Strategic Recovery Roadmap(2021-2025) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ တည်းခိုနိုင်ရေးနှင့် ဝန်ဆောင်မှုရယူနိုင်ရေးတို့အတွက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများအား Local, National နှင့် International အဆင့် (၃) ဆင့်ခွဲ၍  ကျန်းမာရေးနှင့်ညီညွှတ်သော ဝန်ဆောင်မှုများ (Safe Services) ပေးအပ်ရေး နှင့် Certificate များ ထုတ်ပေးနိုင်ရန်အတွက် Enchanting Myanmar Health and Safety Protocols ကို ရေးဆွဲပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအား ယုံကြည်စိတ်ချရသည့် သတင်း အချက်အလက်များ ပံ့ပိုးပေးနိုင်ရန် နှင့်  မြန်မာနိုင်ငံ၏ ရှိရင်းစွဲနှင့် ပေါ်ထွန်းလာမည့် ခရီးစဉ်ဒေသများကို အဓိက ခရီးသွား ဈေးကွက်နိုင်ငံများမှ ခရီးသွားဧည့်သည်များ သိရှိလာရောက် လည်ပတ်စေရေးအတွက် Digital Marketing Channel များမှတစ်ဆင့် မြှင့်တင်ကြော်ငြာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွား လုပ်ငန်းအား ပြန်လည်စတင်ရာတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းမှတဆင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)