Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကိုဗစ်-၁၉ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ပြသ နိုင်ရေး ရုပ်သံရိုက်ကူးရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၅

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကို ကုစားမှုများပေးနိုင်ရေးအတွက် ဟိုတယ်များတွင် ကိုဗစ်-၁၉ လုပ်ငန်း လမ်းညွှန်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုင်ငံပိုင် မီဒီယာများနှင့် လူမှုကွန်ယက်မီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံရိုက်ကူးရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် Elite Technology မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းများမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုကို ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာလုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုနယ်ပယ်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ရောဂါအနေအထားအား အမြဲလေ့လာစူးစမ်းပြီး ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများကိုသိရှိကာ တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ဧည့်သည်များ လက်ခံရာတွင် အဓိက အခန်းကဏ္ဍမှပါဝင်သည့် ဟိုတယ်များအနေဖြင့် ကိုဗစ်-၁၉ လုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်သူများ သိရှိနိုင်စေရန်အတွက် ယခုလို ရုပ်သံရိုက်ကူးရေးထုတ်လွှင့် အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရိုက်ကူးမည့် ရုပ်သံအား နိုင်ငံပိုင်မီဒီယာများ၊ Conference နှင့် အစည်းအဝေးများတွင် ပြသသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုက်ကူးရေးဆောင်ရွက်ရာတွင် ပြည်သူများ စိတ်ပါဝင်စားပြီး ဆွဲဆောင်မှုရှိသော အဆင့်တန်းမီမီ ရိုက်ကူးမှုဖြစ်နိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ ရိုက်ကူးရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဟိုတယ်များမှ ဦးစားပေးဌာနအလိုက် ရိုက်ကူးလိုမှု ၊ Social Media Copyright ရရှိလိုမှုနှင့် ရိုက်ကူးမှုမစမီ ကြိုတင်ချိတ်ဆက်ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ ရိုက်ကူးရေးတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)