Skip to main content

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်း သမဝါယမ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်း စုချုပ်၏ မန္တလေးနို့ချက်စက်ရုံသို့ ရောက်ရှိကာ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ၊ သမဝါယမ အသင်းသားများနှင့် တွေ့ဆုံပြီး သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန်၊ ထုတ်ကုန်အရည်အသွေးတိုးတက် ကောင်းမွန်စေရန်၊ ထုပ်ပိုးမှုပုံစံစနစ်ကို နိုင်ငံတကာ စံချိန်စံညွှန်းမီစေရန်နှင့် လုပ်ငန်းလိုအပ် ချက်များအား ဆွေးနွေးမှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနို့ချက်စက်ရုံနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းရိုးမရေသန့်နှင့် အချိုရည်စက်ရုံ တို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနရုံးသို့ လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ကျေးရွာ အိမ်ခြေ (၂၀၀)ကျော် အကျိုးပြုသည့် ကျေးလက် ရေပေး ရေးလုပ်ငန်း၊ ဂါလံ (၂၀၀၀) ဆံ့ အုတ်ရေကန်နှင့် (၅’ x ၅’ x၇’) ရေစက်ရုံ တည်ဆောက် ခြင်းလုပ်ငန်းသို့လည်းကောင်း၊ ပြင်ဦးလွင်မြို့ ပန်းချယ်ရီဆွယ်တာ ထုတ်လုပ်သူများ သမဝါယမအသင်းလီမိတက်သို့ လည်းကောင်း၊ ရှမ်းမလိုင် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့လည်းကောင်း သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)