Skip to main content

ချမ်းသာမှုများ၏ မြတ်သောအကြောင်းတရား

သီလဟူသည် လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်များပင်ဖြစ်သည်။ ကောင်းမှုဖြစ်၍ကျင့် ဆောင်ရမည့်သီလသည် စာရိတ္တသီလဖြစ်ပြီး မကောင်းမှုဖြစ်၍ ရှောင်ကြဉ်ရမည့်သီလမှာ ဝါရိတ္တသီလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ကို လိုက်နာကျင့် သုံးကြသော ငါးပါးသီလသည် ရှောင်ကြဉ်ရသည့် ဝါရိတ္တသီလဖြစ်သည်။ စင်စစ်အားဖြင့် ငါးပါးသီလသည် ကိုယ်ချင်းစာမှု အပေါ်တွင် အခြေတည်ထားခြင်းဖြစ်သောကြောင့်လူသားတိုင်း လိုက်နာကျင့်သုံးအပ်သော ဓမ္မတာသီလလည်း ဖြစ်သည်။ သူတော်ကောင်းတို့ အလေးဂရုပြုပြီး လိုက်နာကျင့်သုံး အပ်သောကြောင့် ဂရုဓမ္မဟုလည်း ခေါ်ဆိုသည်။

တော်သလင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် ဂရုဓမ္မအခါတော်နေ့ဖြစ်သည်။ အခြေခံလူကျင့်ဝတ်ဖြစ်သော ငါးပါးသီလကို အသက်ထက်ဆုံး တလေးတစားဂရုတစိုက် လုံခြုံအောင် စောင့်ထိန်းကြရန် သတိပေးနှိုးဆော် သည့်နေ့ လည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား အလောင်းတော်နုစဉ်ကဘဝတစ်ခု၌ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့တွင်မင်းပြုသည့်အခါ ဆယ်ပါးသော မင်းကျင့်တရားကို လည်းကောင်း၊ ငါးပါးသီလခေါ် ကုရုဓမ္မကိုလည်းကောင်း စောင့်ထိန်း၍ အုပ်ချုပ်သည်။ ဘုရားအလောင်း၏မယ်တော် မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမက်ကြီး၊ ကံခါးစောင့်၊ ပြည့်တန်ဆာမ တို့သည်လည်း ငါးပါးသီလခေါ် ကုရုဓမ္မခေါ် ဂရုဓမ္မကို စင်ကြယ်စွာစောင့်ထိန်း ကြသည်။ တိုင်းသူပြည်သားအားလုံးတို့လည်း ကုရုဓမ္မခေါ် ငါးပါးသီလကို မြဲမြဲကြသည်။ သို့ဖြစ်၍ ရာသီဥ တုမှန်ကန်ပြီး တိုင်းပြည်သာယာဝပြော၍ တိုင်းသူ ပြည်သားတို့ ပျော်ရွှင်ချမ်းမြေ့ကြသည်။

ကုရုတိုင်းနှင့် မလှမ်းမကမ်းတွင်တည်ရှိသည့် ကာလိင်္ဂတိုင်းတွင် မူရာသီဥတုဖောက်ပြန်ကာ ငတ်မွတ်ခေါင်းပါးသည့်ဘေး နှင့် ရောဂါဘယဘေးတို့နှင့် ကြုံတွေ့နေရသည်။ တိုင်းပြည်တွင် ဘေးဆိုး၊ ကပ်ဆိုးများ ကျရောက်နေမှုမှ လွတ်ကင်း ပါစေခြင်းအကျိုးငှာ ကာလိင်္ဂမင်းကြီးက ကုရုတိုင်းတွင် ဘုရင်မှစ၍ ကိုင်းသူပြည်သား တို့အားလုံး မြဲမြံစွာ စောင့်ထိန်း ကျင့်သုံးကြသည့် ဂရုဓမ္မခေါ် ငါးပါးသီလကို ရွှေပေလွှာတွင်ကူးယူစေပြီး ကာလိင်္ဂတိုင်းတွင် ဘုရင်မှစ၍ ကိုင်းသူပြည်သား အားလုံးပါ လိုက်နာကျင့်သုံးကြသည့်အခါ မိုးလေ၀သတို့ မှန်ကန်လာပြီး တိုင်းပြည်သာယာဝပြောကာ ဘေးဆိုး ကပ်ဆိုး တို့မှ လွတ်ကင်းကြရသည်။ ။

ရှေးမြန်မာမင်းများလက်ထက်တွင်လည်း ဝါဆိုကာလရောက်သည်နှင့် ဂရုဓမ္မသီလခေါ် ငါးပါးသီလတို့ကို မိမိတိုင်းသူ ပြည်သားများ လိုက်နာကျင့်သုံးကြစေရန် အမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင်၍ မြို့တွင်းမြို့ပြင်၊ လေးပြင်လေးရပ်လှည့် လည်၍ နှိုးဆော်ခဲ့သည်ကို သမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ “ပြည်သူလူတကာ သတ္တဝါအပေါင်းတို့ ယခုဝါဆိုကာ လရောက်ပြီ၊ သူ့အသက်သက်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ရာကို ပြစ်မှားခြင်း၊ မဟုတ်မမှန်သော စကားကိုဆိုခြင်း၊ သေရည်သေရက်ကို သောက်ခြင်း တရားငါးပါးကို မကြဉ်မရှောင်ပြုကုန်သော သူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရ ကာယ်အပါယ်လေးဘုံ၌ကလူးလာလာ နစ်မွန်းကုန်ရာသည်။တရား ငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်း၊ နတ်မင်းစည်းစိမ်ကို ခံစား၍ နက်ရွာနိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည် ကို အသင့်နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပသီငါးပါး၊ အဋ္ဌသီရှစ်ပါးတို့ကို မပြတ်ဆောက်တည် ကြကုန်” စသည်ဖြင့် တိုင်းသူပြည်သားများ ငါးပါးသီလမြဲမြံရေး၊ ကုသိုလ်တရားများ ပြည့်စုံစေရေးအတွက် အမိန့်တော်ပြန်တမ်းကို မင်းမှုထမ်း တို့က မြို့တွင်း မြို့ပြင် အရပ်လေးမျက်နှာ လှည့်လည်ဖက်ကြားနှိုးဆော်ခဲ့ကြသည်ဟု သိရသည်။

သီလစင်ကြယ်သူသည် လိုရာဆန္ဒကို ပြည့်ဝစေနိုင်သည်။ သီလပြည့်စုံပါက စီးပွားရေး အဆင်ပြေခြင်း၊ ကောင်းသတင်း ကျော်စောခြင်း၊ ပရိသတ်ကို ချဉ်းကပ်ရာ၌ ရဲရင့်ခြင်း၊ မတွေမဝေသေရခြင်း၊ သေပြီးနောက် သုဂတိသို့ ရောက်ရခြင်း ဟူသော အကျိုးငါးပါးကို ရရှိနိုင်ပြီး သီလမပြည့်စုံပါက ဆန့်ကျင်ဘက်ဖြစ်သော မကောင်းကျိုး ငါးမျိုးကိုသာ ခံစားကြ ရမည်ဖြစ်သည်။ သီလသည် အတုမရှိသော စွမ်းအားဖြစ်၍ သံသရာခရီးတွင် မြတ်သောရိက္ခာ ထုပ်လည်း ဖြစ်သည်။ သီလံ သုခါနံ ပရမံ နိဒါနံ-သီလသည် ချမ်းသာမှုများ၏ မြက်သောအကြောင်းတရားတည်းဟူသော ပါဠိတော်နှင့်အညီ ချမ်းသာမှု၏ အခြေခံဖြစ်သော သီလကို လူတိုင်းကိုယ်စီ မြဲမြံစွာ ကျင့်သုံးနိုင်ကြပါစေကြောင်း။ ။