Skip to main content

နိုင်ငံအတွက် အရေးကြီးဆုံး လိုအပ်ချက်

ယနေ့ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် အားစိုက်ရုန်းကန်နေရသည့် အခြေအနေဟု ဆိုရမည်ဖြစ်သည်။ ဤအဆိုသည် အပြုသဘောဖြင့်ဆောင်သည့် အမြင်ဘက်မှ အဆိုဖြစ်ပြီး မညှာစတမ်းဆိုရလျှင် အမျိုးသားစည်းလုံးညီညွတ်မှုတို့ အစည်းပြေလာလျက်ရှိသည့် အခြေအနေဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု လျော့ရဲလာခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် ဝက်ကာလအတွင်း ပြည်တွင်းပြည်ပ ပယောဂများ၏ ရလဒ်များက မျက်မှောက်ကာလတွင် ဆက်လက်ဖြစ်ပေါ်လာနေခြင်းပင် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ပုံဖော်တည်ဆောက်ခဲ့ရာတွင် ရွေးကောက်ပွဲများဖြင့် တက်လာ သည့် အစိုးရနှစ်ဆက်တို့က နိုင်ငံကို ၎င်းတို့၏ မူဝါဒများ ကိုယ်စီဖြင့် အကောင်အထည်ဖော် ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းပေးတာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြ ရာတွင် ခေတ်အဆက်ဆက်က ဖြေရှင်းရန်ကျန်ရှိနေသည့် သမိုင်းပေးတာဝန် ကြွေးကျန်များ ကိုပါ တာဝန်ယူဆောင်ရွက်ကြရစမြဲ ဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာရေး တို့အတွက် မူဝါဒများချမှတ်ကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဦးစီးဦးဆောင် ပြုသူများအနေဖြင့် မိမိတို့၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ မိမိတို့ပါတီ အဖွဲ့အစည်း၏ အကျိုး စီးပွားထက် နိုင်ငံနှင့်ပြည်သူ၏ အကျိုးကိုသာ ဦးထိပ်ထား ဆောင်ရွက်ကြရခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်မှစတင်ကာ နိုင်ငံ့တာဝန်ကိုထမ်းဆောင်သည့် အစိုးရလက်ထက်တွင် ထူးခြားမှု တစ်ခုအနေဖြင့် လူမှုကွန်ရက်ပေါ် ၌ အစိုးရ၏ အားနည်းချက်များကို ထောက်ပြဝေဖန်မှုများအား ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ကြသည့် လော်ဘီများ ပေါ်ထွက်လာခြင်း၊ တပ်မတော်အပေါ်တွင် ပြည်သူများက အထင်အမြင်လွဲမှားလာစေရေး တစ်ဖက်သတ် ရေးသားခြင်း၊ ၎င်းတို့၏ရှေ့တွင် တာဝန်ယူသွားခဲ့သည့် အစိုးရနှင့်ပါတီတို့ကို အခြေအမြစ်မဲ့ ပုတ်ခတ်ရေးသားခြင်းတို့ကို မြန်မာပြည်သူတို့ အသုံးများသည့် လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်၌ မြိုင်မြိုင်ဆိုင်ဆိုင် အင်နှင့်အားနှင့် တွေ့လာရခြင်းပင်ဖြစ်သည်။ ယင်း၏ အကျိုးဆက်အနေဖြင့် တပ်မတော်သည် လည်းကောင်း၊ USDP ပါတီ သည်လည်းကောင်း ကန့်လန့်တိုက်နေသူများ ဖြစ်သည်ဟူသော အမြင်သည် NLD ပါတီအာဏာရခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ချခဲ့သည့်မျိုးစေ့များမှ အပင်ပေါက် လာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအစိုးရလက်ထက် ဘာသာရေး ဘက်တွင်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဘက်တွင် လည်းကောင်း၊ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးတွင်လည်းကောင်း ထောက်ပြဝေဖန်ချက်များစွာ ပေါ်ထွက်ခဲ့သည့် တိုင်အောင် အစိုးရက လျစ်လျူရှုခဲ့သည့် အခြေအနေများ ကြုံတွေ့ခဲ့ရသည်။ စင်စစ်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် ပါတီအရေးကိုသာ ဦးစားပေး သွားခဲ့ခြင်းဖြစ်ပြီး အင်အားကောင်း လာသည့် ပါတီအနေဖြင့် အခွင့်အရေးရှာဖွေသူများစွာတို့က ၎င်းတို့အတွက် သေချာသည့် ပါတီတစ်ခုအဖြစ် ဝင်ရောက်ခိုလှုံသွားခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မိမိတို့တစ်ပါတီတည်းကသာ သိမ်းကျုံး အနိုင်ယူနိုင်ရေး အခင်းအကျင်းများ ချမှတ်ဆောင်ရွက်ခဲ့ရာမှ မဲမသမာမှုတို့ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ့အာဏာကို ဒုတိယသက်တမ်းအတွက် အိပ်မက်တို့ ပျက်ပြယ်ခဲ့ပြီး မစားရသည့်အမဲ သဲနှင့်ပက်သည့် လုပ်ရပ်တို့ကို အဆင်ခြင်မဲ့လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံအလုံးစုံ ပျက်စီးရေး၊ အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးတို့ကို သွေးထိုးလှုံ့ဆော်နေကြပြီး ပြည်ပကျူးကျော်မှု တို့ကို ဖိတ်ခေါ်နေကြသည်။ နိုင်ငံကို တောင်နှင့်မြောက် နှစ်ပိုင်းခွဲရန်၊ ပြည်နယ်များခွဲထွက်ရန်၊ ပြည်တွင်းစစ်မီးတောက်လောင်ရန် စသည်တို့ကို လေသံပစ် နှပ်ကြောင်းပေးနေကြသည်။

ဤသို့သော အခြေအနေတွင် အရေးအကြီးဆုံးမှာ အမျိုးသား စုစည်းညီညွတ်မှုပင် ဖြစ်သည်။ နိုင်ငံပြိုကွဲပျက်စီးမှု၊ အချုပ်အခြာ အာဏာဆုံးရှုံးမှုတို့ကို မလိုလားသည့် နိုင်ငံသား တိုင်းရင်းသားများနှင့် ဦးစီးဦးဆောင်ပြုသူများ အပြန်အလှန်နားလည်မှု၊ အသိအမှတ်ပြုမှုများဖြင့် အမျိုးသားစုစည်းညီညွတ်မှုကို ရယူကြရမည်ဖြစ်သည်။ အမျိုးသား စုစည်းညီညွတ်မှုသည် နိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်အဖြစ် ရယူ တည်ဆောက်နိုင်ပါစေကြောင်း။ ။