Skip to main content

ကော်ဖီဈေးကွက်ခိုင်မာရေး ကြိုးပမ်းဆောင်ရွက်

“နံနက်ခင်းစောစောစီးစီးကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရသဖြင့် လန်းဆန်းသည့် ခွန်အားမျိုးကို ညနေခင်း လက်ဖက်ရည် တစ်ခွက်မှ ထပ်မံမလုပ်ပေးနိုင်” ဟု ဆိုသကဲ့သို့ ကော်ဖီသောက်သုံးခြင်း၏ ရရှိသောအကျိုးအမျိုးမျိုးတို့ကို ညွှန်းဆိုထားကြပါသည်။ ကော်ဖီနှင့် လက်ဖက်ရည်သည် နေ့စဉ်လူမှုဘဝနယ်ပယ်တွင် မပါမဖြစ် အသုံးဝင်သောပစ္စည်းဖြစ်သည်။ နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့်အလေ့အထ ရှိနေကြပါသည်။

မြန်မာနိုင်ငံ၌ ဈေးကွက်ဝင်ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိပြီး ကော်ဖီကို ကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်ဝင်အောင် စိုက်ပျိုးနိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စက်တင်ဘာလ ၁၇ ရက်တွင် ပြင်ဦးလွင်မြို့နယ်သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက သုံးသောင်းကျော်ရှိပြီး ဒေသ အလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့် ဖြစ်လာသည့် အာရေဘီကာနှင့် ရိုဘက်စတာမျိုး နှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။ ကမ္ဘာပေါ်တွင် အာရေဘီကာ ကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြသည်။ ရိုဘက်စတာကော်ဖီစေ့ကို အသုံးပြုမှုနည်းသော်လည်း အခါးဓာတ်များ၍ ကဖိန်းဓာတ် နှစ်ဆပိုသဖြင့် နှစ်သက်သူများရှိသည်။

စစ်တမ်းများအရ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၅၀ ခန့်မှ တောင်သူများသည် ကော်ဖီစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများ ဆုံးရပ်တည်လျက်ရှိသည့် ထုတ်ကုန်မှာ ရေနံဖြစ်ပြီး ဒုတိယမြောက်ကုန်သွယ်မှု အများဆုံး ထုတ်ကုန်မှာ ကော်ဖီဖြစ်သည်။ မြန်မာ့ကော်ဖီသည်လည်း အရည်အသွေးကောင်းမွန်သဖြင့် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ဝင်ရောက် နိုင်အောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းသည် အရင်းအနှီးများပြီး နှစ်ရှည်လုပ်ငန်း ဖြစ်သော်လည်း တန်ဖိုးများသဖြင့် အောင်မြင်အောင် ကြိုးပမ်း အားထုတ်သင့်သည်။ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သည့်အတိုင်း ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကို အမြဲတမ်းလေ့လာပြီး အထွက်နှုန်းကောင်းမွန်ရန်၊ အရည်အသွေးမြင့်ရန်၊ ဈေးကွက် ရရှိရန် လိုအပ်မည်ဖြစ်သည်။

မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်နှင့် ဒေသအလိုက် ကြိုက်နှစ်သက်သည့် အမျိုးအစားများကို လေ့လာဆန်းစစ်၍ ခွဲခြားဖြန့်ချိရန် လိုအပ်သည်။ သုတေသနနှင့်ဖွံ့ဖြိုးမှုရှိရန် လိုအပ်ပြီး ပထမအဆင့်အနေဖြင့် ကုန်ကြမ်းများကို တင်ပို့ရောင်းချပြီး ဒုတိယအဆင့်အနေဖြင့် ကုန်ချောများကိုထုတ်လုပ်ကာ အရည်အသွေး မြင့်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစားဆောင်ရွက်ကြရန် လိုသည်။ နည်းစနစ် ကျနရေး၊ ဈေးကွက်ရရှိရေး နှင့် အရင်းအနှီးလိုအပ်ချက်တို့ကို နိုင်ငံတော်က ကူညီဆောင်ရွက်ပေးမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြင့်သည့် ကော်ဖီထုတ်ကုန်များရရှိရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုသည်။

ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ရည်မှန်းချက်ထားကာ လုပ်ဆောင်ရမည် ဖြစ်သည်။ ပြင်ဦးလွင် ဒေသသည် ကော်ဖီစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ကော်ဖီစိုက် ဧကတစ်သောင်းကျော်ရှိကာ ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။ ဒေသထုတ်ကုန်များကို ခေတ်မီသော ထုပ်ပိုးမှု ပုံစံများဖြင့် ကောင်းမွန်အောင် ထုတ်လုပ်၍ တစ်ရွာထုတ်ကုန်တစ်မျိုးစနစ်ဖြင့် ဒေသမှ စံပြထုတ်ကုန်တစ်မျိုးချင်းကို ဈေးကွက်ဝင်အောင် ကြိုးစားခြင်းဖြင့် တစ်ဖက်တွင် ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးလာပြီး ပြည်တွင်းပြည်ပမှ လာရောက်လေ့လာကြည့်ရှုသူများ လည်း များပြားလာမည် ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသထုတ်ကုန်ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဒေသဝင်ငွေတိုးတက်ကာ ဒေသခံပြည်သူလူထု၏ လူနေမှုဘ၀ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

ကော်ဖီကို ပုံမှန်သောက်သုံးခြင်းသည် စိတ်ကိုလန်းဆန်းစေသည့်အပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေလျှော့ချနိုင်သည်ဟု ဆိုထားသည်။ ထို့အပြင် ဆီးချိုနှင့် ပါကင်ဆန်ရောဂါများ မဖြစ်ပွားအောင်၊ သက်သာအောင် အထောက်အကူ ပြုသည်ဟု ဆိုထား သည်။ သင့်တင့်ရုံ ပုံမှန်သောက်သုံးပေးလျှင် ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိပြီး အလွန်အကျွံ သောက်သုံး မိလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကော်ဖီသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများတွင် ပြည်သူများ၏ လူမှုဘ၀နယ်ပယ်၌ နေရာယူထားပြီးဖြစ်သည်။ ကမ္ဘာ့ ဈေးကွက်တွင် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားထုတ်လုပ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတွင် အရည်အသွေး ကောင်းမွန်သော ကော်ဖီ ထုတ်ကုန်များအား ကြိုးပမ်းထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်ကလည်း ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးမည်ဖြစ်ရာ ကမ္ဘာပေါ်တွင် မြန်မာ့ ကော်ဖီဈေးကွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် အရည်အသွေးမီ၊ အဆင့်မီမြန်မာ့ကော်ဖီ များကို စိုက်ပျိုးထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါ ကြောင်း။ ။