Skip to main content

နေပြည်တော် စက်တင်ဘာ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က ကချင်ပြည်နယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သမဝါယမဦးစီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးစားပေး ဆောင်ရွက်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမ ကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၏ အောင်မြင်မှုအရှိန်အား ဆက်လက်ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သမအသင်းအဖွဲ့များမှ လည်း အမှန်တကယ် ဝင်ငွေရလမ်း ဆောင်ရွက်နိုင်ရေး ဥပဒေစည်းကမ်းများနှင့်အညီ  အသင်းသားများ၏ ဆန္ဒရယူ၍ ဥပဒေနှင့်အညီ ရန်ပုံငွေရှာဖွေနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအောက်ခြေ အဆင့်အထိ ရောက်ရှိရန်လိုအပ်ပြီး အခြေအနေအမှန်အား မှန်မှန်ကန်ကန် အချိန်နှင့်တပြေးညီ စိစစ်တင်ပြ စေလိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိ ထိရောက်ရန်လိုအပ်ပြီး ဒေသအခြေအနေနှင့်ကိုက်ညီသော သင်တန်းများအား အလေးထား ဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ပြီး ပါက အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဖြည့်ဆည်းဆောင်ရွက်

ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာနအလိုက် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်