နေပြည်တော် စက်တင်ဘာ ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မြဝတီ၊ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ နယ်စပ်စခန်းလေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ ၁၂ စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၈၀၀၊ Oxygen Plant လေးခု၊ အိမ်သုံး Oxygen Concentrator ၄၁၂ ခု၊ PPE ဝတ်စုံ ၂၈၀၀ နှင့် နှာခေါင်းစည်း (Mask) (၁၇) တန် တင်သွင်းခဲ့သည်။ Oxygen Plant လေးခုမှာ မန္တလေးမြို့၊ အမရပူရမြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးမိတ်မြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့် ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
(သတင်းစဉ်)