Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းကြည့်ရှု စစ်ဆေး

 

နေပြည်တော်၊ စက်တင်ဘာ  ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဉီးဌေးလှိုင်နှင့် အတူ ယနေ့နံနက်() နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်း ကျောင်းသို့သွားရောက်၍ သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ကြီးဌာန၏ သင်တန်းကျောင်းသည် ဌာနမှ ဝန်ထမ်းများအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဌာန၏ လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုး သားအကျိုးစီးပွားများအတွက် အရေးပါမှု၊ နိုင်ငံတော်၏ မူဝါဒနှင့်လုပ်ငန်းစဉ်များအပေါ် သိရှိနားလည်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်အတွင်း သင်တန်း(၂)ကြိမ်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ရာ မကြာခင်ကာလအတွင်း သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ နိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်များ အပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များ၏ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသား ထိန်းသိမ်းရေး လုပ်ငန်းများ၊ သွေးချင်းဆက်စပ်မှုအပေါ် မူတည်ကာ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးရသည့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ၊ နိုင်ငံတော်၏မူဝါဒနှင့် စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေးအတွက် လူဦးရေနှင့် ကိန်းဂဏန်း အချက် အလက်များ ကောက်ယူပြုစုထုတ်ပြန်ပေးသည့် လုပ်ငန်းများစသည့် ဌာန၏ ရည်မှန်းချက်တာဝန်များ ဝန်ထမ်းတိုင်း စနစ် တကျ သိရှိနားလည်ထားကြရန် အရေးကြီး ပါကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်တန်း စာများကို မိမိတို့တွေ့ကြုံ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ချနိုင်ရေး အတွက် လေ့လာမှတ်သား ထားကြရန်လိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် သင်တန်းကျောင်းရှိ ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် ကြက်ဥများကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်း၏ ရုံးခန်းများ၊ သင်တန်းသား အိပ်ဆောင်အတွင်း ခင်းကျင်း ထားရှိမှုနှင့် စားရိပ်သာ၊ သင်တန်းကျောင်း အကွက်ချမြေပုံနှင့် သင်တန်း သားများအတွက် စာအုပ်စာစောင်များ စုဆောင်း ထားရှိမှု၊ ဝန်ထမ်းအိမ်ရာ အဆောက် အဉီများ ဆောက်လုပ်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက သင်တန်းကျောင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပရေးနှင့် သင်တန်းဖွင့်လှစ်ချိန်တွင် လိုအပ်ချက်များ အသင့်ဖြစ် စေရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)