Skip to main content

ပြည်ပပို့ကုန်စိုက်ပျိုးထုတ်ကုန် ကြိုးပမ်းထုတ်လုပ်

နိုင်ငံတစ်နိုင်ငံ စားနပ်ရိက္ခာဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် မွေးမြူရေး လုပ်ငန်းသည် ဒုတိယအရေးအကြီးဆုံး ဖြစ်သည်။ နေ့စဉ် ပြည်သူများအတွက် အသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာများကို ရှာဖွေရင်းနှီးမြှုပ်နှံရသည်။ ယခုအခါ လူမှုစီးပွားရေးဘဝကို ချဲ့ထွင်လာသောကြောင့် စားကျက်မြေများ ရှားပါးလာသည်။ တိရစ္ဆာန်များအတွက် အစားအစာ အခက်အခဲရှိလာသည်။ ယင်းအချက်ကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသာမက အခြားနိုင်ငံများပါ အလေးထားလာရသည်။

ယင်းလိုအပ်ချက်ကို ပြည်တွင်း၌ အသုံးပြုရန်အတွက်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အစပျိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ လယ်ယာထွက်ကုန်များ ကုန်သွယ်ရာတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍မြန်မာနိုင်ငံက တိရစ္ဆာန်အစာချဉ်ဖတ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ အပင်များအပေါ် ကူးစက်တတ်သော ရောဂါပိုးများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်း၏ သတ်မှတ်ချက်များနှင့်အညီ လေ့လာအကဲဖြတ်၍ ယခုနှစ် ဇွန်လ ၁၇ ရက်နေ့မှစတင်ပြီး စမ်းသပ်တင်သွင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ သရက်နှင့် ရန်ကုန်တို့တွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့ပြီး ပြောင်းချဉ်ဖတ် ပြည်ပတင်ပို့နိုင်ရေးကို သက်ဆိုင်သူများ အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်းနှင့် တိရစ္ဆာန်အစာ ချဉ်ဖတ်ထုတ်လုပ်ခြင်းသည် နိုင်ငံ၏ နှစ်စဉ် အသားတင်ထုတ်လုပ်မှု တန်ဖိုးတိုးတက်ရေး အတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ် အပါအဝင် အသားကဏ္ဍသည် အရေးပါသောလုပ်ငန်းတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်။ မွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ကြစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နည်းပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီသော တိရစ္ဆာန်အစာပင်များ လက်တွေ့စိုက်ပျိုးပြသခြင်း၊ တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်နည်းများကို ဖြန့်ဝေပေးခြင်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

တိရစ္ဆာန်အစာပင်များကို အစိုဓာတ် ၆၅ - ၇၀ ရာခိုင်နှုန်းရှိသော ပြောင်းပင်နှင့် အဖူးကို စဉ်းဖြတ်၍ လေကင်းမဲ့သော အခြေအနေတွင် အချဉ်ပေါက်စေပြီး စနစ်တကျ သိုလှောင်သိမ်းဆည်းထားရာမှ ရရှိလာသောချဉ်ဖတ်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအား ကျွေးမွေးနိုင်သည့် အစာတစ်မျိုးဖြစ်သည်။ အဆိုပါချဉ်ဖတ်သည် တိရစ္ဆာန်များ နှစ်သက်မှုရှိပြီး အာဟာရဓာတ် ကြွယ်ဝမှုလည်းရှိသည်။ ၎င်းကို နှစ်နှစ်အထိ သိုလှောင်ကျွေးမွေးနိုင်သဖြင့် တိရစ္ဆာန်အစာအခက်အခဲရှိသော ဒေသများရှိ မွေးမြူရေး တောင်သူများအတွက် အကျိုးရှိသည့်လုပ်ငန်းဖြစ်သည့်အပြင် ပြည်ပ ပို့ကုန်အတွက်လည်း အလားအလာ ရှိသည်ဖြစ်ရာ စိတ်ပါဝင်စားသူများ ကျယ်ကျယ် ပြန့်ပြန့်ထုတ်လုပ်၍ ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့် အစီအမံများ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ချဉ်ဖတ်ပြုလုပ်ပါက အစာပင်များကို အာဟာရဓာတ်အမြင့်ဆုံးနှင့် ထွက်နှုန်းအမြင့်ဆုံး အခြေအနေတွင် ရိတ်သိမ်းနိုင်သည့်အတွက် အမြင့်ဆုံးအထွက်နှုန်းနှင့် အာဟာရတန်ဖိုးကို ရရှိမည်ဖြစ်ပြီး မြက်ခြောက်ကဲ့သို့ မီးဘေးအန္တရာယ် မရှိဘဲ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ယခုအခါ ပြောင်းချဉ်ဖတ်ကို တရုတ်နိုင်ငံသို့ နည်းစနစ်တကျ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်းတွင် ပြောင်းပင်များကို ရာသီအလိုက် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပြီး ယခင်က ပြောင်းဈေးကွက် မကောင်းသဖြင့် အလုပ်မဖြစ်ခဲ့သော ပြောင်းသီးနှံများကို ယခုအခါ ပြည်တွင်းမွေးမြူရေး တိရစ္ဆာန်အစားအစာများအဖြစ် တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပြည်ပသို့ပါ တင်ပို့နိုင်သည့် အခွင့်အလမ်းများ ရှိလာပြီဖြစ်၍ ပြောင်းပင်ကို တိုးတက်စိုက်ပျိုးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သို့ဖြစ်ရာ စိုက်ပျိုးသီးနှံပြောင်းပင်ကို တိုးတက်စိုက်ပျိုးထုတ်လုပ်၍ ပြောင်းချဉ်ဖတ်ပြုလုပ်နည်း၊ တင်ပို့ရောင်းချနည်းများကိုပါ နိုင်ငံတော်က အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများအနေဖြင့် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ကို စနစ်တကျထုတ်လုပ်၍ ပြည်တွင်းတိရစ္ဆာန်အစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်သာမက ပြည်ပသို့ပါတင်ပို့ခြင်းဖြင့် ကျေးလက်ဒေသ ဝင်ငွေတိုးပွားရေးကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါကြောင်း။ ။