Skip to main content

နေပြည်တော် စက်တင်ဘာ ၂၁

 

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြန်လည်စိစစ်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ညှိနှိုင်း ဆွေးနွေးမှုများ အရ လက်ရှိ ပြဋ္ဌာန်းချက်များနှင့် လုံလောက်မှု ရှိမရှိသုံးသပ်၍ အခြားပြင်ဆင်စရာများ ရှိပါကလည်း ဖြည့်စွက်ဆွေးနွေးရန်၊ လက်တွေ့လုပ်ဆောင်ရသည့် လုပ်ငန်းသဘာဝနှင့်လျော်ညီစွာ အကောင်အထည် ဖော်နိုင်ရန် ပြည့်စုံ ကောင်းမွန်သည့် ဥပဒေ(မူကြမ်း) တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အကြံပြုဆွေးနွေးချက်များအရ ဥပဒေ(မူကြမ်း)အပေါ် ပြန်လည် စိစစ်ပြင်ဆင်ထားရှိသည့်အချက်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာသူများက ဥပဒေ(မူကြမ်း)အပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေး၍ ပြဋ္ဌာန်းချက်တစ်ခုချင်းအလိုက် အတည်ပြုချက်ရယူခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သံဃာထု တစ်ရပ်လုံးနှင့် သာသနာတော်၏ အကျိုးအတွက် ဤဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပါကြောင်း၊ အားလုံးစေတနာအပြည့်ဖြင့် ပါဝင်ဆွေးနွေးအကြံပြုကြသည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးပါဝင် ဆောင်ရွက်ပါက ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းကို ရရှိမည် ဖြစ်ပါကြောင်း၊ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေအကြံပြုချက်များရယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)