Skip to main content

နိုင်ငံတော်၏ အရိပ်အာဝါသ

မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခံရခြင်းကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာ နိုင်ငံသား ၁၇ ဦးကို နိုင်ငံတော်က ကုန်ကျစရိတ်ကျခံ၍ ပြန်လည် ခေါ်ယူခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမတွေ့ရှိရသူ သုံးဦးသည် စက်တင်ဘာ ၆ ရက် ညနေပိုင်း တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးသည် ရောဂါပြန်လည်ပျောက်ကင်း ပြီးနောက် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင်လည်းကောင်း အမိမြေသို့ ချောမောစွာ ပြန်လည်ရောက် ရှိလာခဲ့ပြီဖြစ်သည်။

 

ရေခြား မြေခြား သူတစ်ပါးနိုင်ငံမှ ပြန်လိုပါလျက် အပြန်ခက်ခဲ့ သူတို့၏ ဒုက္ခအခက်အခဲများကို နားလည်စာနာစွာဖြင့် အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် စက်တင်ဘာ ၆ ရက်နေ့တွင် ပြုလုပ် ခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။

 

ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းရင်းသားတော့ ကိုယ့်မြန်မာပြည်ထဲရအောင် ပြန်ခေါ်မှာပဲ။ ပြန်လုပ်မှာပဲ။ မလေးရှားမှာလည်း ဒီလိုဖြစ်တာပဲ။ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က Relief Flight နဲ့ ပြန်ခေါ်ဖို့လုပ်တဲ့အချိန်မှာ စီစဉ်တဲ့ တိုင်းရင်းသားတွေမှာပဲ မြန်မာအချင်းချင်း လိမ်သွား တယ်ဗျာ။ လိမ်သွားတော့ ၁၇ ယောက် က အလိမ်ခံပြီး ကျန်ခဲ့ရ တယ်။ မလိုက်နိုင်ဘူး။ ကျွန်တော့်ဆီ သတင်းပို့တော့ နိုင်ငံတော်စရိတ်နဲ့ ပြန်ခေါ်ဖို့ ပြောခဲ့ပါတယ် ဟူ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကိုယ့်လူမျိုးတွေ အပြင်မှာ သွားနေတာ ဒုက္ခ သုက္ခနဲ့ ဒီလိုနေမယ့်အစား ကိုယ့်တိုင်းပြည်အတွင်းမှာ ဘယ်လိုပဲ ဖြစ်ဖြစ် အေးအတူ ပူအမျှပေါ့ဗျာ၊ အေးအတူပူအမျှအားလုံး။ ကျွန်တော်တို့က၊ အစိုးရဆိုတာ အရိပ်ပါပဲ။ နိုင်ငံတော်ကို ပေးထားတဲ့ အရိပ်တစ်ခုပါပဲ။ ဒီအရိပ်က ပြည်သူပြည်သားတွေ အေးမြတဲ့ဟာကို ခံစားရအောင်ဆိုပြီး ကျွန်တော် ဒါလည်း ကျွန်တော်ဆုံးဖြတ်ပြီးတော့ ခေါ်ခိုင်းတာပါဟူ၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ၎င်း၏သဘောထားကို ထည့်သွင်းပြောကြားခဲ့သည်။

 

ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာလို ပါလျက်နှင့် မပြန်နိုင်ဘဲဒုက္ခကြုံတွေ့ နေရသူများကို ပြန်လည်ကူညီ ခေါ်ဆောင်ပေးခဲ့ရာတွင် ဖေဖော်ဝါရီလ ၂၇ရက်က မလေးရှားရောက် မြန်မာ ၁၀၈၆ ဦးကို မြန်မာ့တပ်မတော်စစ်ရေယာဉ်မုတ္တမနှင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း၊ မတ်လ ၁၀ ရက်က အိန္ဒိယနိုင်ငံ အန်ဒမန် ကျွန်းမှ မြန်မာရေလုပ်သား ၇၀ ဦးကို တပ်မတော်စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းတို့သည် နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ် နေသော ကရုတ်၊ လာအို၊ ထိုင်း စသည့်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးမှ နေ၍ ကြိုဆိုလက်ခံခြင်း၊ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်ငံတော်အစိုးရသည် ပြည်ပရောက် မိမိနိုင်ငံသားများနှင့် စပ်လျဉ်း၍ လျစ်လျူရှု ပစ်ပယ်မထား။ အခက်အခဲများတွေ့ကြုံနေ ရပါက မြန်မာသံရုံးများ၊ စစ်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် နိုင်ကြသည်။ နိုင်ငံတော်၏ ပြည်ပရောက် မိမိနိုင်ငံသား များအပေါ်ထားရှိသည့် စေတနာနှင့်တာဝန်ယူ စောင့်ရှောက်မှုတို့မှာ အေးအတူပူအမျှ၊ သောကနှင့် ဒုက္ခအပူတို့ ငြိမ်းအေးစေရေးအတွက် ခိုလှုံဖွယ်ရာအရိပ် အာဝါသဟူ၍ သမိုင်းတွင်ကမ္ပည်းတင်မည် ဧကန် သာဖြစ်ပါကြောင်း။ ။