Skip to main content

အကြမ်းဖက်မှုကို လက်မခံ၊ အားမပေး၊ ရှောင်ကြဉ်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်တွင် လည်းကောင်း၊ အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို တားဆီး နှိမ်နင်းခြင်းနည်းဥပဒေများကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အပြင် အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအား ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများနှင့်ဆေးဝါးများ တရားမဝင် ကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်းရှင်းအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင်လည်းကောင်း၊ အကြမ်းဖက် မှုနှင့် သက်ဆိုင်သော ကုလသမဂ္ဂကွန်ဗင်းရှင်း ၁၉ ခုအနက် ၁၃ ခုကိုလည်းကောင်း အတည်ပြု ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အရ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်ခုခုမှဖြစ်စေ၊ ဒေသဆိုင်ရာ အဖွဲ့ဝင် နိုင်ငံတစ်ခုခုမှဖြစ်စေ ဥပဒေပါ အကြမ်းဖက် ပြစ်မှုတစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်း၌ ကျူးလွန် သည့်တရားခံကို ပြည်ပသို့လွှဲပြောင်းပေးရန်နှင့် ပြစ်မှုဆိုင်ရာကိစ္စများတွင် အပြန်အလှန် အကူအညီပေးရေး ကိစ္စများပါရှိသည်။ ယင်းအချက်များကို မြန်မာနိုင်ငံမှ အလေးထား ဆောင်ရွက်လျက်ရှိသည်။ အနောက်ဒီမိုကရေစီနိုင်ငံများနှင့် ကုလသမဂ္ဂနယ်ပယ်တွင်မူ အကြမ်းဖက်မှုကို လက်မခံဟုဆိုကြသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် အကြမ်းဖက် အားပေးသကဲ့သို့ပင် ရှိနေသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံပြင်ပ၌ Annual Ministerial Meeting on the responsibility to Protect အစည်းအဝေးကျင်းပခဲ့ပြီး ထိုအစည်းအဝေးကို Global Center for Responsibility to Protect (GCR2P) အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေးတွင် ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လုပ်ဆောင် နေသည့်အတွက် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG အဖွဲ့ကို ကိုယ်စားပြု၍ တည်ဆဲမြန်မာနိုင်ငံ အစိုးရကို ဆန့်ကျင်စွပ်စွဲမိန့်ခွန်းပြောခဲ့ရာ အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် လုပ်ရပ် အဖြစ် ဖော်ပြနေပေသည်။

CRPH နှင့် NUG အကြမ်းဖက်အဖွဲ့သည် ပြည်ပမှနေ၍ ပြည်တွင်းရှိ လူငယ်အချို့အား သွေးထိုး မြှောက်ပင့် ထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း လုပ်ရပ်များကို တစိုက်မတ်မတ် နေ့စဉ်ပြုလုပ်လျက်ရှိသည်။ ကျင်းပခဲ့သော ကုလသမဂ္ဂပြင်ပ အစည်းအဝေးတွင် ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ကို ကိုယ်စားပြု၍ ပါဝင်တက်ရောက်ခြင်း၊ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံအစိုးရကလည်း အသိအမှတ်မပြုပေ။ ထိုသို့ တက်ရောက်၍ နိုင်ငံတော်အစိုးရကို ဆန့်ကျင်သည့် အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ကိုးကား၍ မိန့်ခွန်းပြောကြားခဲ့သဖြင့် ၎င်းကိုယ်တိုင်ပင် အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထင်ရှားသောအထောက်အထားအဖြစ် ထပ်လောင်းဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ဦးကျော်မိုးထွန်း၏ ပြောကြားချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသည့် မည်သို့မျှ လက်မခံနိုင်သော အချက်အလက်များ ပါဝင်နေသည်။ အနောက်ဒီမိုကရေစီနိုင်ငံအချို့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့သည် အကြမ်းဖက်မှုကို လက်မခံအားမပေးဟုဆိုသော်လည်း မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများနှင့် အများပြည်သူအဆောက်အအုံ အမြောက်အမြားတို့ကို သတ်ဖြတ်ဖျက်ဆီးနေသည့် NUG ကို အားပေးနေသည်မှာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဝါဒကို ကျင့်သုံးခြင်းပင်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဦးကျော်မိုးထွန်းအား ပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အပြုအမူ များကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ယင်းဆောင်ရွက်ချက် များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးရာ ရောက်နေသည်ဖြစ်ရာ ယင်းကဲ့သို့ အကြမ်းဖက်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်း၊ ခွင့်ပြုခြင်း၊ အားပေးအားမြှောက်ပြုခြင်းတို့ကို ရှောင်ကြဉ်ရန် နိုင်ငံတကာ အသိုက်အဝန်းသို့ မြန်မာနိုင်ငံက ထပ်လောင်းတောင်းဆိုပါကြောင်း။ ။