အကြမ်းဖက်အဖွဲ့အစည်း NUG က နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြှင့်တင် ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သလို အိမ်နီးချင်းအာဆီယံနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံများကလည်း အကြမ်းဖက်မှုများနှင့် သွေးချောင်းစီးဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည့် အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
NUG ၏ ကြေညာချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အုံကြွရေး၊ PDF အမည်ခံအကြမ်းဖက် အုပ်စုများက ၎င်းတို့၏ ဒေသအတွင်း အစိုးရ၏ဒေါက်တိုင်များအဖြစ် ၎င်းတို့က သတ်မှတ်ထားသည့် ပြည်သူများနှင့်အဖွဲ့အစည်းများကို ပစ်မှတ်ထားတိုက်ခိုက်ရေး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များကို သတ်ဖြတ်၍ အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ဖျက်ဆီးရေး အပါအဝင် ကျေးလက်ရော မြို့ပြပါ တစ်ပြိုင်တည်း စတင်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ဒီ-ဒေးဟု သိကြသည့် အဆိုပါ ကြေညာချက်၏ နောက်ဆက်တွဲအဖြစ် အပြစ်မဲ့ပြည်သူများကို ဒလန်အဖြစ်စွပ်စွဲကာ တစ်ဦး ချင်းမှသည် မိသားစုလိုက်အထိ လုပ်ကြံသတ်ဖြတ်မှုများ၊ အစိုးရ ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်မှုများ၊ အုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ ဖောက်ခွဲမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများစွာ တို့ကို အမည်အမျိုးမျိုးခံထားကြသည့် အကြမ်းဖက်အဖွဲ့ ပေါင်းစုံတို့က မြို့ရွာဒေသအသီးသီးတို့တွင် ပြုလုပ်ခဲ့ကြသည်။
ပြည်တွင်း၌ ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများအတွက် လိုအပ်သည့် ငွေကြေးနှင့် လက်နက်ခဲယမ်းများ ပံ့ပိုးရန် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားအချို့က တော်လှန်ရေး ရန်ပုံငွေဟူ၍ အကြောင်းပြကာ ငွေကြေးများ ရှာဖွေ ကောက်ခံလျက်ရှိကြသလို ငွေကြေးဇယားအရှုပ်အရှင်း အငြင်းအခုံ များလည်း ထွက်ပေါ်ခဲ့သည်။ တော်လှန်ရေးအမည်ခံကာ ပုံပျက် ပန်းပျက်ဖြစ်နေသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများနှင့်စပ်လျဉ်း၍ အကြမ်းဖက်အုပ်စုများ၏ အဖွဲ့ဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများက လုပ်ကြံသတင်းများ၊ သတင်းတု သတင်းမှား များစွာကို ဖေ့စ်ဘုတ်လူမှု ကွန်ရက်တွင် တင်ခြင်း၊ ထပ်ဆင့်ဖြန့်ဝေခြင်းများ ပြုလုပ်ကြပြီး ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် မီဒီယာများကလည်း ၎င်းသတင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်ပြန်ခဲ့ကြသည်။ ၎င်းတို့၏ သတင်းများတွင် အကြမ်းဖက်သမားတို့က လက်နက်ကိုင်ဆောင် ထားခြင်းမရှိသည့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှုများသည် မှန်ကန်သယောင်၊ တရားသယောင် ရေးသား ဖော်ပြကြသည်။ အသတ်ခံရသူများသည် ဒလန်များဖြစ်ကြောင်း အရပ်စကားဖြင့် သက်သေကာ အကြမ်းဖက် လူသတ်မှုကို ဖုံးဖိပေးကြသည်။ PDF အမည်ခံ အကြမ်းဖက်အုပ်စုတို့၏ ထုတ်ပြန်စာ များကို ထပ်ဆင့် ထုတ်ပြန်ပေးကာ ပြည်သူလူထုအတွင်း အကြောက်တရား သွတ်သွင်းရာတွင် အကြမ်းဖက်အားပေး မီဒီယာများက တစ်တပ်တစ်အား ပါဝင်ကြသည်။
လူမှုကွန်ရက်တွင်လည်းကောင်း၊ မီဒီယာများတွင်လည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်သည့်အရာမှာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူတို့၏ ပုံရိပ်များနှင့် ၎င်းတို့၏ အသံများပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဖိစီးနှိပ်စက်မှုကို လပေါင်းများစွာ ခံစားခဲ့ ရခြင်းကြောင့် စီးပွားရေးတုံ့ဆိုင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုတို့နှင့် ရင်ဆိုင်နေကြရသည့် ပြည်သူများတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမြင်မတူညီသူများ၊ လက်နက်ကိုင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုတို့ကို မလိုလားသူများ၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းသာယာရေးကို လိုလားသူများ များစွာ ရှိနေပြီး ၎င်းတို့အားလုံးမှာ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်နေကြသည့် လက်နက် ကိုင်ဆောင်ထားသူများ၊ တော်လှန်လိုစိတ် ငယ်ထိပ်တက်နေသူများ၏ အသံများအောက်တွင် ငြိမ်သက်ပျောက်ကွယ်နေကြရသည်။ မခံမရပ်နိုင်၍ ထုတ်ပြောသူများမှာမူ လူသာမက ရဟန်းသံဃာများကိုပင် ချမ်းသာမပေးဘဲ သတ်ဖြတ်နေကြရာ ဆိတ်ဆိတ်နေခြင်း၊ လိုက်လျောညီထွေနေခြင်းတို့ဖြင့် ဖုံးကွယ်နေကြရသည်။ ။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ စွပ်စွဲမှုများပြုလုပ်ရာတွင် အကြမ်းဖက်အုပ်စုခွဲများနှင့် ၎င်းတို့ကို ထောက်ခံနေသည့် မီဒီယာတို့မှ အချက်အလက်များကို အခြေခံပြီး လူ့အခွင့်အရေးကို ယိုးမယ်ဖွဲ့၍ နိုင်ငံရေးသွတ်သွင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ဖြစ်ရပ်မှန်များနှင့်ဝေး၍ အကြမ်းဖက်ဝါဒကို အားပေးနေပြီလောဟု မေးခွန်းထုတ်ဖွယ်ပင်ဖြစ်ပါကြောင်း။ ။