Skip to main content

အကျိုးမရှိသည့်နိုင်ငံရေးတလွဲကောက်ချက် ပယ်ချ

ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု (၃) ခုကို သက်ဆိုင်သည့် မြန်မာနိုင်ငံမပါဘဲ တင်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူက စက်တင်ဘာ ၂၂ ရက်တွင် နှုတ်ဖြင့် တင်သွင်းခဲ့ပြီး စက်တင်ဘာ၂၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြခဲ့မှုများမှာ တရားနည်းလမ်းမကျသည့် တစ်ဖက်သတ်တလွဲ ကောက်ချက်စွပ်စွဲမှုများ ဖြစ်သည်။

အစီရင်ခံစာတွင် ယခုနှစ် ဧပြီ ၉ ရက်က မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ဖြစ်စဉ်၌ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။ ဖြစ်စဉ်အမှန်မှာ ဧပြီ ၉ ရက်က အကြမ်းဖက်လက်နက်ကိုင်များက ပဲခူးတိုင်းဒေသကြီးရှိ နယ်မြေ အချို့ကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် လမ်းအချို့ကို စီးနင်းထားခဲ့သည်။ လုံခြုံရေး တာဝန်ရှိသူများက အတားအဆီးများကိုဖယ်ရှားစဉ် လက်နက်ကိုင်တစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အမှန်များကို မြန်မာနိုင်ငံ အစိုးရက သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ သို့သော် အစီရင်ခံစာတင်သွင်းသူ၏ ရည်ရွယ်ချက်ရှိရှိဖြင့် ချဲ့ကားထားသည့်ကိန်းဂဏန်းအရင်းအမြစ်များတွင် သေဆုံးသူများကို “အမည်မသိ ၅၄ ဦး”ဟုသာ ဖော်ပြလျက် ကျန်ထိခိုက်သည်ဆိုသူများနှင့် ပတ်သက်၍လည်း စိစစ်နိုင်သော အချက်အလက်များ မပါဝင်ကြောင်းတွေ့ရသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိနိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ရသည့်အကြောင်း ရင်းဖြစ်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကို သိသာစွာ လျစ်လျူရှုထားသည်။ NUG၊ CRPHနှင့် PDF တို့၏ ကျူးလွန်ထားသည့် အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားသည်။ ဥပဒေနှင့်အညီ တည်ရှိနေသော နိုင်ငံရေးပါတီ များမှ ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူစုစုပေါင်း ၇၉၉ ဦးအား CDM လှုပ်ရှားမှုတွင် မပါဝင်မှုနှင့် သတင်းပေးဟု စွပ်စွဲခံရမှုတို့ကြောင့် သတ်ဖြတ်ခံ ရသည့် ကြောက်မက်ဖွယ်ရာကိန်းဂဏန်းများကို ယင်းအစီရင်ခံစာတွင် ဖုံးကွယ် လျစ်လျူရှုထားသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာနေရာများတွင် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်သားပြည်သူများ သေကျေဒဏ်ရာရမှုများကို မျက်ကွယ်ပြုထားသည်။

အထူးအစီရင်ခံစာတင်သွင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်တွင်၎င်းတို့၏ ကောက်ချက်များကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံ ပထမဆုံးပေးပို့ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များ အပေါ် အများပြည်သူသို့ ထုတ်ဖော်ပြောကြားရာတွင် သက်ဆိုင်ရာနိုင်ငံ၏ တုံ့ပြန်ချက်များအား ထည့်သွင်းဖော်ပြရန်ပါရှိသည်ကို ချိုးဖောက်ထားကြောင်း တွေ့ရသည်။ အထူးအစီရင်ခံစာ တင်သွင်းသူက ၎င်း၏ ကျင့်ဝတ်ကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် တစ်ဖက်သတ်အစီရင်ခံမှုများ ဖြစ်ပေါ်စေကာ နိုင်ငံတကာအသိုက်အဝန်းကြားတွင် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် NUG အမည်ရှိ အကြမ်းဖက်အဖွဲ့က လက်နက်ကိုင်အကြမ်းဖက်မှုများ အရှိန်မြှင့်တိုက်ခိုက်ရန် စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူတို့က စိုးရိမ် ပူပန်မှုဖြစ်နေကြစဉ်တွင် အထူးအစီရင်ခံစာတင်သွင်းသူက ယင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား အမွှမ်းတင်ထားသည်ကို တွေ့ရသည်။

အမှန်တကယ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော လုပ်ဆောင်မှုများသည် မထူးဆန်းသော မရိုးနိုင်သည့် ထပ်တလဲလဲ လုပ်ဆောင်မှုများဖြစ်သည်။ မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်းလုပ်ရပ်များကို လုပ်ဆောင်နေသည့် အဖျက်သမားများဘက်သို့ လိုက်သည့် လုပ်ဆောင်မှုများကိုသာ တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။ ယခုဆုံးဖြတ်ချက်သည် အပြန်အလှန် ဆွေးနွေးမှုများ၏ အနှစ်သာရကို လျစ်လျူရှုကာ နိုင်ငံတစ်နိုင်ငံ၏မျက်ကွယ်တွင် တစ်ဖက်သတ်ပြုလုပ်သော ကိစ္စဖြစ်ခြင်းကြောင့် လူ့အခွင့်အရေးကောင်စီတွင် အန္တရာယ်ရှိသော အစဉ်အလာကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပြုအမူသည် လူ့အခွင့်အရေးကောင်စီကဲ့သို့ မူဝါဒကို စောင့်ထိန်းသည့် ယန္တရားကိုယ်တိုင်က ၎င်းချမှတ်ထားသည့် မူဝါဒနှင့်ဦးတည်ချက်များကို လေးစား လိုက်နာခြင်း ရှိ/မရှိ မေးခွန်း ထုတ်စရာဖြစ်နေသည်။ မြန်မာနိုင်ငံအရေးကိစ္စများတွင် အကြောင်း အရာများ တိကျမှန်ကန်ခိုင်လုံမှုမရှိဘဲ လိုရာစွဲယူစွပ်စွဲချက်များသာဖြစ်သည်ကို တွေ့ရသည်။

သို့ဖြစ်ရာ လူ့အခွင့်အရေးကို ယိုးမယ်ဖွဲ့၍ နိုင်ငံရေးသွတ်သွင်းမှု၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ချမှတ်ထားသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် မမျှတသော လုပ်ဆောင်မှုများသည် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် အကျိုးမရှိသော လုပ်ဆောင်ချက်များသာဖြစ်၍ ကန့်ကွက်ပယ်ချပါကြောင်း။ ။