Skip to main content

အာဆီယံဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်

 

အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖြတ်ရေးဆိုင်ရာ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ကျင်းပရာ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်မှုဆိုင်ရာမှုခင်းသည် ဆိုင်ရာနိုင်ငံနှင့်အတူ ဒေသတွင်းနိုင်ငံများ အတွက်ပါ အရေးကြီးသော ကိစ္စဖြစ်သည်။ အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးက ယခုအခါ Telecom Fraud နှင့် Online Gambling တို့သည် နိုင်ငံတစ်နိုင်ငံထက်ပို၍ ဖြန့်ကြက်လာနေသည်ကို သတိပြုတွေ့ရှိရပါကြောင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းသဘောသဘာဝ ရှိလာသော ၎င်းတို့နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် + ၃ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမားများ အပါအဝင် အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာမှုကို ကြိုတင်သိရှိ ဟန့်တားနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၃၉၆)ပါ တိုက်တွန်းပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားများအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်မှုကို အကြောင်းပြု၍ နိုင်ငံအချို့၌ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်စေရန် အကြမ်းဖက်အဖွဲ့ဝင်များအဖြစ် သတ်မှတ်ထားသူများ၊ အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုလုပ်သူများ၊ ကူညီထောက်ပံ့သူများက ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့သည် အကြမ်းဖက်လုပ်ငန်းများ ပိုမိုကြီးထွား လာစေရန် စည်းရုံးလှုပ်ရှား ချိတ်ဆက်ဆောင်ရွက်မှုများ၊ တရားမဝင် လောင်းကစား မှုများပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများကို ထောက်ပံ့ရန် ငွေကြေးရယူမှု၊ စုဆောင်းမှုများ၊ လွှဲပြောင်းပို့ဆောင်မှုများ၊ လက်နက်မှောင်ခိုရောင်းဝယ်ပို့ဆောင်မှုများ၊ ဗုံး၊ လက်နက်အသုံးပြုနည်းသင်တန်းများ စသည်တို့ကို ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ ပျက်စီးရေးအတွက်သာမက ဒေသတွင်းနိုင်ငံများကိုပါ ရိုက်ခတ်လာသော အကြမ်းဖက်မှုနှင့်ဆက်စပ်သည့် လုပ်ငန်းများ ဖြစ်ပေါ်နေသည်။

 

မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ အကြမ်းဖက်မှုကို အားပေးသောလုပ်ငန်းများ၊ အထောက်အပံ့ ဖြစ်စေသော လုပ်ရပ်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂနှင့် ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများပါ အတည်ပြုထားသည့် နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ အကြမ်းဖက်မှုကို အထောက်အပံ့ပြုနေမှုများဖြစ်သည့် ငွေကြေးနှင့် လက်နက်များနှင့်ပတ်သက်၍ အဓိကအရင်း အမြစ်များသည် ပြည်ပနိုင်ငံအချို့မှ စီးဆင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်ကဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အရေးကိစ္စ ဇာစ်မြစ်နှင့် ပတ်သက်၍ ပြည်ပမှ အကြမ်းဖက်ဝါဒ အတွင်းကျကျ ဆက်စပ်ဖြစ်ပေါ်ပြီးမှ ပေါ်ပေါက်လာခြင်းဖြစ်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လက်မခံရန်၊ အားမပေးရန် လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်း ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိမှုတို့ကို ဖော်ဆောင်နိုင်ရန် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အာဆီယံအသိုက် အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။

 

နိုင်ငံဖြတ်ကျော်မှုခင်းများ နယ်ပယ်အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍ၌ အကြမ်းဖက်မှု ကျူးလွန်နိုင်သည့် အခွင့်အရေးမရှိစေရေး၊ အကြမ်းဖက်မှုအမြစ်ပြတ်အောင် ရှင်းလင်းဆောင်ရွက်ရန် လိုအပ်သည်။ အကြမ်းဖက်မှုသည် လက်နက် မှောင်ခိုမှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် လူကုန်ကူးမှုခင်းများနှင့် ဆက်စပ်ပတ်သက်မှုများရှိသဖြင့် တားဆီးနှိမ်နင်းရေးတွင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးတွင် နည်းပညာတိုးတက်လာမှုကြောင့် သတင်းမှားများသည် သတင်းမှန်များထက် လျင်မြန်စွာကျယ်ပြန့်နေသဖြင့် အစွန်းရောက်အတွေးအခေါ်နှင့် လုပ်ရပ်များ ပိုမို တိုးတက်ဖြစ်ပေါ်နေ သည်ကို တွေ့ရမည်ဖြစ်သည်။ ဆိုက်ဘာနယ်ပယ် ဒစ်ဂျစ်တယ် ပလက်ဖောင်းတွင် အကြမ်းဖက် လှုံ့ဆော်ရန် ပိုမိုလွယ်ကူလာသဖြင့် အာဆီယံ နယ်ပယ်လုံခြုံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ် လိုအပ် " သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုပြဿနာသည် မြန်မာနိုင်ငံအတွက်သာမက နိုင်ငံအချို့ကိုပါ ရိုက်ခတ်မှုရှိသဖြင့် အကြမ်းဖက်မှု ပြဿနာကို နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ အကြမ်းဖက်ဝါဒ ကွယ်ပျောက်သွားမှသာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်မှု မြစ်ဖျားခံရန်အတွက် နိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။ ။