Skip to main content

ဆရာဟူသည်မှာ အသိပညာ၊ အတတ်ပညာတစ်ခုခုကို သင်ကြားပြသပေးသူကို ဆရာဟု ယေဘုယျအားဖြင့် သတ်မှတ်ကြသည်။ ဆရာဟူသည်မှာ သိမ်မွေ့ နက်နဲပြီး ထူးကဲမွန်မြတ်သော ဂုဏ်ထူးဝိသေသများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တို့သာ ဖြစ်၏မိမိတို့ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ဆောင်ကြဉ်းပေးသည့်ပုဂ္ဂိုလ်များတွင် မြတ်ဆရာတို့သည် မိဘတို့နှင့်ထပ်တူထပ်မျှ တာဝန်ဝတ္တရားကြီးမားပါ၏။

လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘဆိုသကဲ့သို့အနန္တဂိုဏ်းဝင် ဆရာများကို အလေးအမြတ်ပြုရာ၌ လက်ဦးဆရာမိဘကိုလည်း ဦးစွာဦးခိုက်ရပေမည်။ မိဘတို့မှာမကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်တို့ရှိပြီးဆရာတို့သည်အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာရှိပေသည်။ ထို့ကြောင့် မြတ်ဆရာသည် တပည့်တို့အား ပညာသင်ကြား စာတတ်မြောက်ရေးသာမကသိသင့်သမျှ အတတ်ပညာတို့ကို သင်ကြားပေးရခြင်း၊ ဆုံးမဩဝါဒပေး၍ ပြုပြင်ပေးရခြင်း၊ မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း၊ မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်းဟူသည့် ဝတ္တရားများရှိပေသည်။

လက်ဦးဆရာ မိဘတို့သည် မကောင်းမှုများကို တားမြစ်ခြင်း၊ ကောင်းမှု ကောင်းရာကို ညွှန်ပြရခြင်း၊ အတတ်ပညာသင်ကြားပေးရခြင်း၊ ရင်းနှီးလုပ်ကိုင်စားဖို့ရာ ပေးရခြင်း၊ လက်ထပ်ထိမ်းမြား ပေးရခြင်းဟူသည့်ဝတ္တရားများရှိသည်။ ထိုသို့ မြတ်ဆရာများ၏အနီးကပ်သွန်သင်ဆုံးမ၊ လမ်းညွှန်ပြမှုများဖြင့် ကြီးပြင်းလာသော တပည့်သားသမီးများသည် နောင်သောအခါ လိမ္မာရေးခြားရှိသော၊ ထူးချွန်ထက်မြက်သော၊ မိမိနှင့်မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုသော သားကောင်း သမီးမွန်များ ဖြစ်လာမည်။ ဆရာများသည် သီလ၊ သမာဓိ၊ ပညာနှင့်ပြီးပြည့်စုံသော ချစ်ခင်ရိုသေ၊ လေးစားဖွယ်ကောင်းသောပုဂ္ဂိုလ်များဖြစ်သည်။ လမ်းလွဲလိုက်သူကို လမ်းမှန် ရောက်အောင် ဆုံးမနိုင်သူဖြစ်၍ မသိနားမလည်သူကို သိနားလည်အောင် ဆောင်ကြဉ်းပေးနိုင်သူဖြစ်သည်။ အကျိုးရှိသောအလုပ်များကို ညွှန်ပြပြောဆိုနိုင်သူ ဖြစ်ပြီး အကျိုးမရှိသောအလုပ်များကို မညွှန်ပြ၊ မတိုက်တွန်းသောကြောင့် မြတ်ဆရာဟု သတ်မှတ်ခြင်းဖြစ်သည်။

လက်ဦးဆရာ မိဘတို့တွင် သားဆိုး၊ သမီးဆိုး စုန်းပြူးဟူ၍ တစ်မိပေါက် တစ်ယောက်ပါလာတတ်သည်များရှိသော်လည်း မိဘဆရာသမားများ၏ကျေပွန် သောဝတ္တရားများကြောင့် အများအားဖြင့် သားကောင်း သမီးမွန်တို့သာ ပေါ်ထွန်းလာကြသည်။ မိဘ၊ ဆရာဝတ္တရားများ ခေါင်းပါးလာပါကသားသမီးများ၏ဝတ္တရား ပျက်ယွင်းလာပြီး အနာဂတ်တွင် သားဆိုး သမီးဆိုးများ ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မိဘလက်မြှောက်၊ ဆရာလက်မြှောက်ရသောတပည့်သားသမီး များပေါ်လာသဖြင့် မိဘတို့လည်း ကိုယ်စိတ်ဆင်းရဲ၊ တိုင်းပြည်လည်း အကျိုးမပြု၊ ထိခိုက်မှုများရှိလာသည်။ငယ်သော် သား၊ ကြီးသော် ကျားကဲ့သို့၊ငယ်သော် သမီး၊ ကြီးသော် မီးဆိုသကဲ့သို့ ထိန်းမနိုင် သိမ်းမရသောအခြေအနေရောက်လျှင် ပြန်လည်တည့်မတ်ရန် ခက်လှသည်။ ထို့ကြောင့် လက်ဦးဆရာ မိဘဆရာသမားများ ၏အခန်းကဏ္ဍမှာ အရေးကြီးလှသည်။ မိဘဝတ်၊ ဆရာဝတ်များကို ကျင့်ကြံ အားထုတ်ကြရသလိုသားသမီး၊ တပည့်များအား လမ်းကောင်း၊ လမ်းမှန်တည့်မတ် နိုင်ရေးအတွက် ငယ်စဉ်တောင်ကြေး ကလေးဘ၀မှစ၍ရင်အုပ်မကွာ ထိန်းကျောင်းနိုင်မှ တော်ကာကြပေလိမ့်မည်။ လက်ဆင့်ကမ်းအမွေ ထိန်းသိမ်းနိုင်မည့် ဆရာ သမားကောင်းအဆင့်ဆင့်တို့က လွှဲပြောင်းတာဝန်ယူကြရပေလိမ့်မည်။

ယနေ့အချိန်အခါတွင် မိဘ၊ ဆရာသမားများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေး ကြီးနေပေသည်။ ခေတ်အခြေအနေကြောင့်၊ တိုင်းပြည်အခြေအနေကြောင့်ဟု ယိုးမယ်ဖွဲ့ပြီး နေ၍ရမည်မဟုတ်ပေ။ မိမိတို့၏တပည့်၊ သားသမီးများ လိမ္မာရေးခြားရှိမှ မိမိတို့လည်း စိတ်ချမ်းသာမည်ဖြစ်သလို မိမိတို့အကျိုး၊ မိမိတို့ပတ်ဝန်းကျင်နှင့် မိမိတို့ တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော သားကောင်းသမီးမွန်များ ပေါ်ထွက်လာရေးအတွက် မိဘ၊ ဆရာ၊ သက်ဆိုင်ရာတို့ အစဉ်အမြဲလက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မှသာ အနာဂတ်တွင် အေးချမ်းသာယာဝပြောသည့် တိုင်းပြည်၌ စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် သားကောင်း သမီးမွန်များ ဖြစ်လာအောင် မိဘ၊ ဆရာ၊ ကျောင်းသား ဟန်ချက်ညီစွာ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။