မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ကျောင်းသား/သူများ၏ စွမ်းရည် ပြသပွဲ (Student’s Talent Show Kachin State -2020) ကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား/သူများ၏ တင်ပြမှုအပေါ် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။
ယင်းသို့တွေ့ဆုံစဉ် ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်များက Talent Show ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုလို ကျောင်းသားလူငယ်များ၏ စွမ်းရည်များ ဖော်ထုတ်ပြသပွဲသည် လုပ်ဆောင်ရမည့်ကိစ္စ တစ်ခုဖြစ်ကြောင်း၊ အနာဂတ်တွင် ကျရာတာဝန်ကို ပုခုံးထမ်းတာဝန်ထမ်း ဆောင်ကြမည့် လူငယ်ကျောင်းသား/သူများအနေဖြင့် စွမ်းရည် တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင် နေရမည်ဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း အားပေးပါကြောင်း၊ လိုအပ်သည် များကို ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ပွဲဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ပွဲဖြစ်မြောက်ရေးကော်မတီဝင် မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းခန့်က “ကျွန်တော်တို့ ဒီ Talent Show ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဇူလိုင်လ ဒုတိယ နှစ်လယ်လောက်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်၊ အစိုးရအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ တင်ပြတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး အလေးထားဆောင်ရွက်ပေးမယ်ဆိုတာ သိရတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်” ဟုပြောပြားသည်။
အဆိုပါ Student’s Talent Show Kachin State -2020 ကို ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ ကောလိပ်များမှ ကျောင်းသား/သူများ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးများ၊ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်ရေးနှင့် ပိုမိုမြင့်မားလာစေရေး၊ နိုင်ငံတော်အကျိုးပြု ဆန်းသစ်တီထွင်၊ ဖန်တီးနိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကောလိပ်ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုရရှိရေး ရည်ရွယ်ကျင်းပမည်ဖြစ်ကြောင်းနှင့် Talent Show တွင် Science ၊ Technology ၊ Environment & Society Projects Show ပွဲများ၊ ပန်းချီ၊ ဓာတ်ပုံ၊ လက်မှုပညာ Art Show များ၊ စာပေစကားဝိုင်း၊ ကဗျာရွတ်/အရေးကြီး၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြော စသည့် Literature နှင့် ပြဇာတ်၊ အငြိမ့်၊ ရိုးရာအက၊ သံချပ်၊ တေးသရုပ်ဖော်၊ ဂီတဖျော်ဖြေ ရေးစသည့် Entertainment အစီအစဉ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်