Skip to main content

ကင်းထောက် စတင်တည်ထောင်သူ အထိမ်းအမှတ်နေ့နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကင်းထောက်စတင်တည်ထောင်သူ လော့ဒ်ဗေဒင်ပါဝဲလ် အထိမ်းအမှတ်နေ့(Scout Founder Day) နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကမ္ဘာ့ကင်းထောက် အဖွဲ့ကို ၁၉၀၇ ခုနှစ် မှ စတင် တည်ထောင်ခဲ့သည့်အတွက် လော့ဒ်ဗေဒင်ပါဝဲလ် Founder Day သည် ယနေ့ဆိုလျှင် (၁၁၃) နှစ်ပြည့်ပြီဖြစ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ကမ္ဘာ့ကင်းထောက် အဖွဲ့ကြီးသည် ကမ္ဘာ့နိုင်ငံလေးခုကလွဲပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံပျံ့နှံ့သွားကာ ကင်းထောက်အရည်အတွက် သန်း ၅၀ အထိရှိခဲ့ပြီး ကင်းထောက် အမျိုးသမီးအဖွဲ့သည်လည်း အဖွဲ့ဝင် ၁၀ သန်းကျော်နှင့် လှုပ်ရှားနေသည်အထိ ထူးခြားသည့် ဝိသေသဖြစ်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ကင်းထောက်မောင်မယ် လူငယ်များက မိမိနိုင်ငံသူ နိုင်ငံသားများအတွက် အားထားယုံကြည် ထိုက်သော၊ ဂုဏ်သိက္ခာရှိသော စွမ်းဆောင်ရှင်များဖြစ်ကြရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ကင်းထောက် အကျိုးတော်ဆောင် တော်ဝင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကိုကိုထွေး အား လည်းကောင်း၊ မြန်မာနိုင်ငံ ကင်းထောက်ကြီး ဒေါက်တာဦးသန်းဦးက မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းများတွင် အစဉ်သဖြင့် ကူညီပေးသော Habitat for Humanity Myanmar မှ Co-ordinatior ဦးမြမင်းထွန်းအား လည်းကောင်း၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံ ကင်းထောက်ကြီး စာရေးဆရာ ဦးဟိန်းလတ်၊ အမျိုးသားစာပေဆုရ မြန်မာနိုင်ငံကင်းထောက်ကြီး စာရေးဆရာ ကောင်းသန့်တို့က ကင်းထောက်ဆိုင်ရာ ပညာပေးဟောပြောပြီး အမေရိကန်တွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက် ဂျမ်ဘူရီ စခန်းချပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ ကင်းထောက်အဖွဲ့ ကိုယ်စားပြု Brainworks Total International School မှ ကင်းထောက်လူငယ် မရှင်းသန့်လှိုင်က ကင်းထောက်စခန်းချ တွေ့ဆုံပွဲ အတွေ့အကြုံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ကျင်းပသည့် (၉)ကြိမ်မြောက် Sharjah International Scout တွေ့ဆုံပွဲ တက်ရောက်သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကင်းထောက်ခေါင်းဆောင် မောင်မင်းမင်းထက်က တွေ့ဆုံပွဲ အတွေ့အကြုံများကို ပြောကြားပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ သဘာ၀ဘေးအန္တရာယ် ကူညီလှူဒါန်းခြင်း အစီအစဉ်တွင် ကူညီလှူဒါန်းပေးခဲ့ ကြသော တက္ကသိုလ်နှင့် ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်ပြီး အဖွဲ့ငါးဖွဲ့ခွဲကာ ကမ္ဘာ့ကင်းထောက်အဖွဲ့ လုပ်ငန်းများ၊ ငြိမ်းချမ်းရေးသံတမန်များ လုပ်ငန်းများ၊ ငြိမ်းချမ်းရေး စကားဝိုင်းများ၊ ကျား၊ မ ရေးရာကိစ္စများ၊ ကင်းထောက် အဖွဲ့ဝင် တိုးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ လူငယ့်ရေး ရာ ညှိနှိုင်းရေးမှူး ကိုဖြိုးသူရဝင်းက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ လုပ်ငန်းစဉ် ပြီးစီးမှုများနှင့် ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် အခမ်းအနား တက်ရောက် လာကြသူများအား ကျန်းမာရေး ဦးစီးဌာနမှ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်ရေးအတွက် ဖြန့်ဝေသည့် လက်ကမ်းပိုစတာများ၊ စာစောင်များကို ကင်းထောက်အဖွဲ့ဝင်များက ပညာပေး ဖြန့်ဝေပေးကြသည်။


မြန်မာ့အလင်း