Skip to main content

နေပြည်တော် အောက်တိုဘာ ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးသို့ရောက်ရှိပြီး အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၈) မှ တာဝန်ယူတည်ဆောက်နေသော (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မေခဝန်ထမ်းအိမ်ရာ စခန်းအတွင်းရှိ (၄) ခန်းတွဲ (၄) ထပ် အဆောက်အဦ နှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် အတွင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြီးကြပ်တာဝန်ယူ ဆောင်ရွက်သော မေခဝန်ထမ်း အိမ်ရာ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ ၃၂ လုံး၊ အခန်းပေါင်း ၅၁၂ ခန်းကို ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိအဆောက်အဦ ၁၉ လုံး၊ အခန်းပေါင်း ၃၀၄ ခန်း ဆောင်ရွက်ပြီးဖြစ်သည်။

ယခုအခါမေခဝန်ထမ်းအိမ်ရာ စခန်းတွင် (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ နှစ်လုံး တည် ဆောက်လျက်ရှိရာ လုပ်ငန်းအားလုံး ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမော်မြစ်ကြီးနားလမ်းအပိုင်း (763.45 မှ 770.47) km တွင် White Mono-Lith လမ်းကုမ္ပဏီမှ စက်ယန္တရားများဖြင့် ကတ္တရာ ကွန်ကရစ် (AC) ခင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ယနေ့တွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှောင်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီရန်နှင့် သတ်မှတ် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်၊ ရေစီး၊ ရေထွက် ကောင်းမွန်ရေးအတွက် ရေပြွန်များ Box Culvert များ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ရွှေဘို-မြစ်ကြီးနားလမ်း KBS ကုမ္ပဏီ၏ယာယီလမ်း စခန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ရွှေဘိုမြစ်ကြီးနားလမ်း km(475.90 မှ 479.00) အထိ (3.10) km အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံရန်ပုံငွေဖြင့် (75mm) ထု AC Overlay ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြရာလုပ်ငန်းလိုအပ်ချက်များကို မှာကြားပြီး ကတ္တရာ ကွန်ကရစ် (AC)ခင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်သော လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်မီပြီးစီးရေးနှင့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရန် အလေးထားဆောင်ရွက်ရန်လို ပါကြောင်း၊ ဝန်ထမ်း များအနေဖြင့်  ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာရန်လိုပါကြောင်း၊ မိမိ ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများ တိုးတက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ ကချင်ပြည်နယ်အတွင်းရှိ  လမ်း၊ တံတားများ တိုးတက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ အိမ်ရာစီမံကိန်းလုပ်ငန်းများ၊ ကျေးလက်လမ်း၊ တံတားများ အခြေအနေများ၊ ကချင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော တံတားများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်