Skip to main content

မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ မြို့ပြလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် သည် အောက်တိုဘာ ၁၆ ရက်က နေပြည်တော် တောင်ညို - မြို့သစ်- ကံပြား - မကွေးလမ်းအား စစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းမိုင် ၂၇ မိုင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန် အတွင်းပြီးစီးရန် သတ်မှတ်အရည် အသွေး၊ စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ရှိ ချမ်းမြေ့သာယာ အိမ်ရာစီမံကိန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၁)၏ရင်းရှည်လမ်း စခန်းရုံး ရှင်းလင်းဆောင်၌လည်းကောင်း၊ မင်းဘူးအမ်းလမ်း ကြက်တူရွေးရှင်းလင်းဆောင်၌ လည်းကောင်း တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လမ်းများ အဆင့်မြှင့်တင် တည်ဆောက်ရာတွင် စံချိန်စံညွှန်း ပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်၊ အန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်သွားရန်၊ သတ်မှတ် အရည်အသွေးအတိုင်း ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးအမ်း - စစ်တွေလမ်းပေါ်ရှိ တန် ၆၀ ခံနိုင်ဝန်ရှိပြီး အရှည်ပေ ၄၀၀ ရှိသည့်သံကူကွန်ကရစ်တံတားအသစ် တစ်စင်း ထပ်မံတည်ဆောက်နေမှုနှင့် သယု(ပဲပဒုံ) ကြိုးတံတားကြံ့ခိုင်မှုလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ပိုင်းကလမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ (၁၆) ဒုတိယ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် အမ်းမြို့ရှိ ဦးစီးဌာနများမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် လုံးကောက်ကျေးရွာအုပ်စု ကျောက်မောင်း - ငလက်ကျ-ခရမ်းကျွန်း - လောင်း စပ်- ရေအေး - မောင်ချောင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန ပျဉ်ဝန်းစခန်းသို့ ရောက်ရှိရာ တာဝန် ရှိသူများက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မအီ-ကျောက်ဖြူ လမ်းပိုင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းနှင့် တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၀)မှ ဒုတိယညွှန်ကြားရေးမှူးက မအီ-ကျောက်ဖြူ လမ်း စနဲပေါက်ချောင်းပေါ်တွင် အသစ်တည်ဆောက် မည့် စနဲပေါက်တံတားနှင့် လုံးတော်ပေါက်ချောင်း ပေါ်တွင် အသစ်တည်ဆောက်မည့် လုံးတော်ပေါက် တံတားတည်ဆောက်မည့် အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အင်ဂျင်နီယာ ချုပ်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သတ်မှတ် ချိန်အတွင်း လုပ်ငန်းများ ပြီးစီးရေး၊ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင်တည်ဆောက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အထူးသတိပြု ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်အတွင်းရှိ သစ်ပုတ်တောင် ရေတပ် လမ်းဆုံမှ နိုင်ချောင်း - ဇိုင်ချောင်း - သိုင်းချောင်း ပြားကျွန်ကျေးရွာချင်းဆက် - ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းများ ရေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်