Skip to main content

အမျိုးသားအဆင့် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထု အသိ ပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်    ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)တို့ ပူးပေါင်းပြီး  “အမျိုးသားအဆင့် အက်ဆစ် ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hotel Royal Aster ၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့် လေ့လာရေး ကွန်ရက် (EANET)မှ အတွင်းရေမှူး Mr.Tomi Haryadi က အမှာစကားပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် EANET မှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက EANET အဖွဲ့ဝင်နိုင်ငံများတွင် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များနှင့် စီမံကိန်း လုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် အက်ဆစ်ဖြစ်ထွန်းခြင်းနှင့် လေထုညစ်ညမ်းမှု ဖြစ်စဉ်များကို သက်ရောက်မှုများ၊ ဒေသတွင်းနိုင်ငံများတွင် မျက်မှောက်ကာလ၌ ကြုံတွေ့နေရသည့် လေထုညစ်ညမ်းမှု ဖြစ်စဉ်များ၊ စောင့်ကြည့်လေ့လာသည့် ရလဒ်နှင့် တွေ့ရှိ ချက်များ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက် အခဲများနှင့် အောင်မြင်မှုများကို အပြန်အလှန် ဆွေးနွေးခြင်းနှင့် လေထုညစ်ညမ်းမှု လျော့ပါးရေးဆိုင်ရာ လုပ်ငန်း များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့လိုက်ဆွေးနွေး ကြသည်။

အလုပ်ရုံဆွေးနွေးကို လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် ယင်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များအပေါ် သိရှိနားလည်စေရန်နှင့် လက်ရှိဆောင်ရွက်နေသော လေထုညစ်ညမ်းမှု လျော့ပါးရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း များတွင် စွမ်းဆောင်ရည် တိုးမြှင့်စေရန်အတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက်(EANET)မှ ပညာရှင်းများ၊ ဆက်စပ်ဦးစီးဌာနများမှ တာဝန်ရှိသူများ၊  သုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တတ်ရောက်ကြသည်။

(သတင်းစဉ်)