ရန်ကုန် ဖေဖော်ဝါရီ ၂၄
ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂၀၂၀ ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဂျပန်နိုင်ငံမှ သုံးသင်း၊ အာဆီယံဒေသတွင်းမှ လူငယ်လက်ရွေးစင်ငါးသင်း ယှဉ်ပြိုင် မည်ဖြစ်ပြီး လေးသင်းနှစ်အုပ်စု ခွဲ၍ ကျင်းပမည် ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် မလေးရှား၊ လာအို၊ ဂျပန်၊ ကာဂိုရှီမာလက်ရွေးစင်ယူ-၁၈ အသင်း၊ အုပ်စု (ခ) တွင် ကမ္ဘောဒီးယား၊ တီမော၊ မြန်မာနှင့် ကာဂိုရှီမာယူနိုက်တက်အသင်းတို့ ပါဝင်နေသည်။ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သည့်အပြင် ဂျပန်-အာဆီယံ ချစ်ကြည်ရေး အထိမ်းအမှတ်ဖြစ်သောကြောင့် အုပ်စုပွဲများကို ဆက်တိုက်ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲမရှိဘဲ အုပ်စုပွဲစဉ်များ အပြီးတွင် တစ်ဖက်အုပ်စုမှ အဆင့်တူ ရပ်တည်သည့်အသင်းနှင့် သာ ပြန်လည် ကစားရ မည်ဖြစ် သည်။ ပြိုင်ပွဲစည်းမျဉ်းအရ ယင်းပြိုင်ပွဲတွင် ပါဝင်ကစားဖူးသူများ ကစားခွင့်မပြုရာ မြန်မာ ယူ-၁၉ အသင်း သည် အပြီးသတ် ၁၈ ဦး ရွေးချယ်ပြီး မှ၂၀၁၈ ခုနှစ်က ကျင်းပသည့် ဂျပန်-အာဆီယံ ယူ-၁၇ ပြိုင်ပွဲတွင် ပါဝင်ကစားဖူးသူ ၁၁ ဦး ပြန်လည် ပါဝင် နေသောကြောင့် အပြောင်းအလဲပြုလုပ်ခဲ့ရသည်။
ထို့ကြောင့် မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ပြိုင်ပွဲသွားခါနီး ရက်ပိုင်းအလိုမှ ကစားသမားသစ်များ ပြောင်းလဲခဲ့ရသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကာဂိုရှီမာ ယူနိုက်တက်အသင်း၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် တီမောအသင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကမ္ဘော ဒီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင် သည့်အနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိပြီး Junior Lions အသင်းအမည်ဖြင့် ပြည်တွင်းလိဂ်ပြိုင်ပွဲ ဖြစ်သော MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ - ဦးရဲဝင်းအောင်၊ နည်းပြချုပ်- ဦးစိုးမြတ်မင်း၊ လက်ထောက် နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား - ဟိန်းထက်စိုး၊ ပြည့်ဖြိုးသူ၊ နောက်တန်း-စည်သူမိုးခန့်၊ သက်ဟိန်းစိုး၊ မင်းခန့်မောင်၊ မျိုးကိုကိုလင်း၊ ကောင်းခန့်ကျော်၊ စောထောနေမှူး၊ အလယ်တန်း - ကောင်းဇင်မိုး၊ လွင်ဇော် မောင်၊ ရန်နိုင်လင်း၊ ဥက္ကာနိုင်၊ သူရအောင်၊ မိုးဆွေ၊ မျိုးသူရထွန်း၊ ရှေ့တန်း-ပြည့်ဖြိုးခိုင်၊ ညီညီနှင့် စောကျော်အဲတို့ ပါဝင်ကြသည်။
ညီမြတ်သော်တာ