Skip to main content

ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးတွင် တီဘီရောဂါနှင့် အခြားရောဂါများ အခမဲ့စမ်းသပ်စစ်ဆေးပေး

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး တီဘီတိုက်ဖျက်ရေးဌာန ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံတီဘီအသင်း (MATA) နှင့် စံပြလူမှုကူညီရေး ပရဟိတလူငယ်အသင်း (ရန်ကုန်)တို့ ပူးပေါင်း၍ အခမဲ့တီဘီရောဂါနှင့် အခြားရောဂါများအား စမ်းသပ်စစ်ဆေး‌ ပေးခြင်းကို ယ‌နေ့ နံနက်က ဗဟိုစံပြငါး‌ဈေးရုံး၌ ပြုလုပ်သည်။

"ကျွန်‌တော်တို့ကြည့်မြင်တိုင်မြို့နယ်မှာ ယခင်က NGO အဖွဲ့‌တွေနဲ့ ပူး‌ပေါင်း ပြီး တီဘီစက်‌တွေနဲ့ တစ်ရပ်ကွက်ချင်းလှည့်ပြီး ကုသတဲ့လုပ်ငန်းကို‌ ဆောင်ရွက်ခဲ့ပါတယ်။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ကျေးရွာတွေက အခြေခံလူတန်းစား‌တွေ ဒီစံပြငါး‌ဈေးမှာလာပြီး အလုပ်လုပ်ကြတယ်။ သူတို့‌ရောဂါ တကယ်ဖြစ်ပြီဆိုရင် သူတို့အလုပ်အကိုင်နဲ့ ကျန်းမာ‌ရေးဌာနကို မပြနိုင်တာရှိတယ်။ ဒါ‌ကြောင့် သူတို့လည်း အဆင်‌ပြေ ကျွန်တော်တို့လည်းရောဂါတွေ ဖော်ထုတ်နိုင်အောင်လို့ စံပြငါး‌ဈေးကိုလာ‌ရောက်ပြီး ရောဂါရှာ‌ဖွေရတာ ဖြစ်ပါတယ်" ဟု မြို့နယ် ကျန်းမာ‌ရေးဦးစီးဌာန ဌာနမှူး ဒေါက်တာခင်မောင်လွင်က ‌ ပြောသည်။

အဆိုပါ ဗဟိုစံပြငါးဈေးကြီးရှိ ဈေးသူ၊ ဈေးသား မိသားစုများနှင့် အခြေခံလုပ်သားများအား ဆရာ၀န်များ၊ သူနာပြုများက တီဘီရောဂါနှင့် အခြားရောဂါများ စစ်ဆေးပေးခြင်းအပြင် သလိပ်စစ်ခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သွေးစစ်ပေးခြင်းများကို အခမဲ့စမ်းသပ်ပေးကြသည်။ အဆိုပါ ဗဟိုစံပြငါးဈေးကြီးတွင် အခြေခံလုပ်သား ၃၀၀၀‌ ကျော်ရှိပြီး‌ ရောဂါကုသစစ်ဆေးမှုများကို ဖေဖော်ဝါရီ ၂၇ ရက်အထိ ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - အာကာစိုး