Skip to main content

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၂၀) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်အသီးသီးအနေဖြင့် ယခုသက်တမ်းအတွင်း ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို အားလုံးပြီးစီးအောင် ဆောင်ရွက်နေကြသည်ဟု ယုံကြည်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်း ဒေသကြီး/ပြည်နယ် လွှတ်တော်များအကြားတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ် တော်များ တစ်ခုနှင့်တစ်ခုအကြားတွင်လည်းကောင်း ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်မှုများ ပိုမို ကောင်းမွန်လာပြီး Institution တစ်ခုကဲ့သို့ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို လွှတ်တော်များ ပိုမိုအားကောင်းလာရန်နှင့် လွှတ်တော်ဆိုင်ရာ အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းနိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲမှုတိုးတက်ရေးတွင် လွှတ်တော်များ ခိုင်မာအားကောင်းရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က အစည်းအဝေး (၁/၂၀၁၉) ဆုံးဖြတ်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းများဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် လွှတ်တော်အလိုက် ကြုံတွေ့ရသည့် အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ရုံးများနှင့် စပ်လျဉ်းပြီး ရုံးလုပ်ငန် းနှင့် ဝန်ထမ်းရေးရာကိစ္စတို့ကို ရှင်းလင်းတင်ပြပြီးနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)