(၂၅-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် နေထိုင်သော အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦးသည် လွန်ခဲ့သော (၁၅) ရက်ခန့်မှစ၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး (၂၄-၂-၂၀၂၀) ရက်နေ့တွင် ရွှေလီမြို့မှ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ (၂၅-၂-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့မှ ရွှေလီမြို့သို့ ပြန်သွားခဲ့ရာ မူဆယ်-မန့်ဝိန်းနယ်စပ်ဂိတ်၌ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ၎င်းတွင် အဖျား (၁၀၀) ဒီဂရီဖာရင်ဟိုက် ရှိကြောင်း တွေ့ရှိရသဖြင့် မူဆယ် ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက် ရှိပါသည်။ ၎င်းလူနာထံမှ ဓါတ်ခွဲနမူနာရယူပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလူနာအား စစ်ဆေးရာ တွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။
၃။ ယနေ့ (၂၅-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ လူနာ (၁) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တုပ်ကွေးဆန်သောရောဂါလက္ခဏာများနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း (Influenza Like Illness -ILI/ Severe Acute Respiratory Illness -SARI surveillance) များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမှု များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (NHL) တွင် လုပ်ဆောင်နိုင်နေပြီဖြစ်ပါသည်။
၅။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ (၁၃-၂-၂၀၂၀) ရက်နေ့မှ (၂၄-၂-၂၀၂၀) ရက်နေ့အထိ နမိုးနီးယား အဆုတ်ရောင် ရောဂါဖြင့် တက်ရောက်ကုသမှုခံယူနေသော လူနာများအနက် အခြားနိုင်ငံများသို့ ခရီးသွား ရာဇဝင် နှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့မှုများမရှိခဲ့သော်လည်း ပိုမိုသေချာစေရေး COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန်အတွက် အသက် (၁၈) နှစ်အရွယ်၊ အသက် (၄၃) နှစ်နှင့် အသက် (၄၆) နှစ်အရွယ် အမျိုးသားလူနာ (၃) ဦးတို့ထံမှ ဓာတ်ခွဲနမူနာရယူ၍ (၂၅-၂-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ၎င်းတို့ အားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်းနှင့် လူနာများအား လိုအပ်သော ဆေးကုသမှုများပေးလျက် ရှိကြောင်း သိရှိရပါသည်။
၆။ (၂၅-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၃၀) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
(ပုံများ = မူဆယ်မြို့နယ် ဝင်၊ ထွက်ဂိတ်ပေါက်များ၌ ကျန်းမာရေးဝန်ထမ်းများမှ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု)
Ref : Ministry of Health and Sports, Myanmar